MNP ၊ ဇွန် ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်း ရေမြောင်းပိတ်ဆို့နေမှုအား မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်၊ အဖွဲ့ဝန်ထမ်းများနှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်တို့ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၄)ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ ဒေါ်ညိုမ၏ အိမ်ခြံရှေ့၌ ရေစီးရေလာသွားရာ ရေမြောင်းအား ပိတ်ဆို့ထားရှိမှုအပေါ် တွေ့ရှိရ၍ အမှုဆောင်အရာရှိ ဦးညီညီလွင်က မိမိတို့ရပ်ကွက် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ပွားမှုများ မဖြစ်ပေါ်စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေသွားလာမှုအား တိုးချဲ့ပိတ်ဆို့ထားမှုအပေါ် ဖယ်ရှား၍ ရေစီးရေလာကောင်းမွန်သည့် ရေမြောင်းဖြစ်ပေါ်လာစေရေးအတွက် မြေ ၃ ပေခန့်ကို လှူဒါန်းပေးစေလိုကြောင်း ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်ပင်သာယာရေးဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ အိမ်ခြံပိုင်ရှင် ဒေါ်ညိုမက သဘောတူလက်ခံ၍ ရေမြောင်းအတွက် မြေ ၃ ပေခန့်အား ရပ်ကွက်အတွက် စေတနာဖြင့် လှူဒါန်းပေးခဲ့ရာ ရေစီးရေလာကောင်းမွန်သည့် ရေမြောင်းအဖြစ် ရှင်သန်စီးဆင်းနေပြီဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost





No comments:
Post a Comment