MNP ၊ ဇွန် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ်/ စံပြကွက်/စမ်းသပ်ကွက်/ အထူးဇုံများတွင် စိုက်ပျိုးထုတ်လုပ်ကြမည့် တောင်သူများအား မျိုးစပါးနှင့် ဓါတ်မြေသြဇာများထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်ထွန်းလင်းက မျိုးစပါးနှင့် ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊တာဝန်ရှိသူများက မျိုးစပါးနှင့်ဓါတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။ ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တောင်သူ(၃၅)ဦးအတွက် တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် ဆင်းသွယ်လတ်မျိုးစပါး (၅၀)တင်း၊ ဆင်းသုမျိုးစပါး(၇၀)တင်း၊ ပေါ်ဆန်းရင်မျိုးစပါး(၂၀)တင်းနှင့် တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ယူရီးယားဓာတ်မြေသြဇာ (၁၄၀)အိတ် ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment