အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ တည်ထားကိုးကွယ်အပ်သော ဇမ္ဗူအေးစေတီတော်မြတ် ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်း အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ တည်ထားကိုးကွယ်အပ်သော ဇမ္ဗူအေးစေတီတော်မြတ် ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်း အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ အခမ်းအနားကျင်းပ


MNP ၊ ဇွန် ၂

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ တည်ထားကိုးကွယ်အပ်သော ဇမ္ဗူအေး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ်ပြန်လည်တင်လှူ ပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ပြုလုပ်ရာ နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အတုလရန်အောင်ကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုကြပြီး အတုလရန်အောင်ကျောင်းဆရာတော် ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ အတုလရန်အောင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် အလှူရှင်တစ်ဦးက အလှူငွေ ကျပ်သိန်း ၃၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ရွှေသင်္ကန်းဆက်ကပ်ခြင်း၊ ရွှေထီးတော်တင်လှူခြင်းတို့အတွက် ဆောင်ရွက်ပေးခဲ့ကြသော “ သိဒ္ဓိရှင် ” ရွှေဆိုင်း၊ ကြေးပြားကပ်၊ ရွှေချနှင့် ရွှေမိုက် လုပ်ငန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

၎င်းနောက် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက စိန်ဖူးတော်၊ ငှက်မြက်နားတော် တို့ကို စေတီတော်မြတ်အား လက်ယာရစ် (၃)ပတ်လှည့်လည်ပင့်ဆောင်ပူဇော်ခဲ့ကြပြီး စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းကြသည်။ ဆက်လက်၍ အတုလရန်အောင်ကျောင်း ဆရာတော်နှင့် တိုင်းမှူးတို့က ဇမ္ဗူအေးစေတီတော်ကဗျည်းမော်ကွန်းကျောက်စာအား အမွှေး နံ့သာရည်များဖြင့် ပက်ဖြန်းကြပြီး ဇမ္ဗူအေးစေတီတော်မြတ်ကြီးအား သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)