ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် သာသနိကအဆောက်အဦများ ပြုပြင်ရေးကို ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် သာသနိကအဆောက်အဦများ ပြုပြင်ရေးကို ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိ







MNP ၊ ဇွန် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများ ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မိုခါမုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် သာသနိကအဆောက်အဦများ ပြုပြင်ရေးကို ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများကို ပြုပြင်ရာတွင် မူလအလှူရှင်များ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများအား ဘုရားဂေါပကအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမြန်ဆုံးပြီးစီးအောင် စနစ်ကျပြုပြင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ သံဃနာယကအဖွဲ့များနှင့် တွေ့ဆုံဩဝါဒလမ်းညွှန်မှုခံယူ၍ ဘက်စုံပြုပြင်ရေး လုပ်ငန်းများကို အမြန်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြန်မာမှုလက်ရာများ ပျက်စီးဆုံးရှုံးမှုများကိုလည်း မူလလက်ရာမပျက် အမြန်ဆုံးပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း၊ သာသနိကအဆောက်အဦများ ပြုပြင်မွမ်းမံရန် ဂေါပကအဖွဲ့များအနေဖြင့် အစီအမံများ စနစ်တကျ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များလှူဒါန်းနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စည်းရုံးလှုံ့ဆော်ခြင်း၊ သတင်းထုတ်ပြန်အသိပေးခြင်းများ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စစ်တွေမြို့ပေါ်ရှိ ဘုရားစေတီ ဂေါပကအဖွဲ့များက သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးမှုနှင့် ဘက်စုံပြုပြင်မွမ်းမံရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်းလင်းတို့က ဖြည့်စွက်ဆွေးနွေးကြသည်။


ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ) သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ ကျောင်းဆောင်နှင့် စာသင်ခန်းများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို မေးမြန်းကြည့်ရှုကာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။


အဆိုပါ နည်းပညာအထက်တန်းကျောင်း (စစ်တွေ)၌ ကျောင်းသား ကျောင်းသူ ၇၆ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနနှင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်း အိမ်ရာတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။


အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်သည် တာဝန်ရှိသူများနှင့်အတူ စစ်တွေတက္ကသိုလ်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် တက္ကသိုလ်အင်္ဂါရပ်နှင့် ညီညွတ်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မိုးတွင်းကာလတွင် တက္ကသိုလ်ဝင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်နေမှုများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အဆောက်အဦများ၏ အတွင်းပိုင်းများ ပြန်လည်ပြုပြင်မှု၊ စားရိပ်သာအတွင်း ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား ကျောင်းသူများ စည်းစနစ် ကျနစွာ ကျောင်းတက်ရောက်မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်း - ကျောက်တော် ၆၆ ကေဗွီ ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးသဖြင့် ဇွန် ၁၈ ရက် မှစတင်၍ ကျောက်တော်မြို့ပေါ်ရှိ မဟာမုနိဘုရားကြီး အပါအဝင် မြို့ပေါ်ရပ်ကွက်များသို့ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)