ဒေါ်အောင်ဆန်းစုကြည် က ဂန္ဒီလိုစိတ်ဓာတ်မျိုး ရှိသူမှ မဟုတ်ဘဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည် က ဂန္ဒီလိုစိတ်ဓာတ်မျိုး ရှိသူမှ မဟုတ်ဘဲ


သဘာဝတရားရိပ်သာ ဆရာတော် နဲ့ NLD နာယကကြီး ဦးတင်ဦး တွေ့ဆုံချိန်မှာ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည် ကို ဂန္ဒီကြီးလို ဖြစ်စေချင်တယ်။ သူရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ ငြိမ်းချမ်းရေးကိုပဲ လုပ်ဆောင်စေချင်တယ်ဆိုတဲ့ သဘောကို မိန့်ကြားခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆန္ဒနဲ့ ပတ်သက်လို့ ဆရာတော်ကိုလည်း မဝေဖန်ပါဘူး။ ဆရာတော်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းစေလိုတဲ့ ဆန္ဒနဲ့ ရည်ရွယ်ပြီး မိန့်ကြားခြင်း ဖြစ်ပါတယ်။


ဆရာတော်ရဲ့ မိန့်ကြားချက်နဲ့ ပတ်သက်လို့ မပြောလိုပေမယ့် facebook မှာ မကြာခဏ Live တွေလွှင့်ပြီး ပြောနေတဲ့ ဦးငါးမင်းဆွေရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့တော့ ထောက်ပြပြောဆိုချင်ပါတယ်။ ဆရာတော် မိန့်ကြားခြင်းမပြုမီကတည်းက ဦးငါးမင်းဆွေ က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးသူတော်စင်ကြီး ဖြစ်စေချင်တယ်။ ဂန္ဒီကြီးလို ဖြစ်စေချင်တယ်လို့ ပြောခဲ့တာတွေနဲ့ ပတ်သက်လို့ နားကလောနေတာ ကြာပါပြီ။ နားကလောရခြင်းအကြောင်းကတော့ နှိုင်းယှဉ်သုံးသပ်တယ်ဆိုတာ နှိုင်းယှဉ်လို့ရတဲ့ အခြေအနေမျိုးမှ နှိုင်းယှဉ်တာ သင့်တော်ပါတယ်။ ရည်ရွယ်ချက်မတူ လမ်းစဉ်မတူတဲ့ ပုဂ္ဂိုလ်နှစ်ဦးကို နှိုင်းယှဉ်ပြီး ပြောနေခြင်းကြောင့် ဦးငါးမင်းဆွေရဲ့ ပြောဆိုချက်တွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြောနေသည့်တိုင်အောင် လူရယ်စရာ ဟာသဖြစ်နေပါတယ်။


ဂန္ဒီကြီးနဲ့ နှိုင်းယှဉ်လို့ မရတဲ့ ပထမအချက်ကို ပြောမယ်ဗျာ။ ဂန္ဒီကြီးက အိန္ဒိယပြည်သူတွေအတွက် ရပ်တည်ဆောင်ရွက်ခဲ့တာဟာ မိဘအရှိန်အဝါနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ သူယုံကြည်တဲ့ လမ်းစဉ်ကို သူကိုယ်တိုင် ရှေ့က လုပ်ပြပြီး လမ်းညွှန်ခဲ့ခြင်း ဖြစ်တယ်။ အနောက်နိုင်ငံထုတ် အထည်တွေကို မဝတ်ဆင်ဘူး။ ကိုယ်တိုင် ယက်ကန်းခတ်ပြီး လံကွတ်တီ ဝတ်ဆင်ပြတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ကို စီးပွားရေးအရ ထိုနှက်ခဲ့ခြင်းပဲ ဖြစ်တယ်။ 


ဒုတိယအချက် အင်္ဂလိပ်တွေ ချက်တဲ့ ဆားကို ဝယ်မစားဘူး။ ကိုယ်တိုင် ဆားချက်မယ်။ ပြည်သူတွေ သွားချက်ကြလို့ လေပေါနိုင်ငံရေး လုပ်ခဲ့တာမဟုတ်ဘူး။ သူကိုယ်တိုင် ရှေ့ကနေချီတက်ပြီး ဆားသွားချက်တာ။


အိန္ဒိယနိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ ဟိန္ဒူ၊ မွတ်စလင် နှစ်အုပ်စုကွဲတယ်။ ဂန္ဒိကြီးက မကွဲပြားစေချင်ဘူး။ ဟိန္ဒူအမျိုးသားရေးဝါဒီတွေနဲ့ မွတ်စလင်အမျိုးသားရေးဝါဒီတွေ အုပ်စုဖွဲ့သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ကြတယ်။ ဂန္ဒီကြီးက ကြားထဲကနေ ဘယ်သူ့ဘယ်သူမှ မသတ်ကြပါနဲ့လို့ မေတ္တာရပ်ခံတယ်။ မေတ္တာရပ်ခံလို့ မရရင် သူကိုယ်တိုင် အစာငတ်ခံပြီး ဆန္ဒပြတယ်။ သတ်ဖြတ်မှုတွေ ရပ်ဆိုင်းသွားတယ်။ ခဏပဲ ရတယ်။ ပြီးရင် ပြန်ဖြစ်ကြတာပဲ။ အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးပေးမယ်ဆိုတော့ မွတ်စလင်ခေါင်းဆောင် ဂျင်းနားဦးဆောင်တဲ့ အုပ်စုက မွတ်စလင်တွေကို နိုင်ငံခွဲပြီး လွတ်လပ်ရေးပေးဖို့ တောင်းဆိုတယ်။ ဂန္ဒိကြီး က မခွဲစေချင်ဘူး။ ဂျင်းနားတို့ရဲ့ အစွန်းရောက်မှုကို ဂန္ဒီးက နားမလည်ဘူး။ သူ့တပည့် နေရူးတို့က ခွဲမထုတ်လို့ မရဘူးဆိုတာ သိတယ်။ ဂန္ဒီကြီးက အဲဒီလို ခွဲမယ်ဆိုရင် လွတ်လပ်ရေးယူမနေနဲ့အထိ ပြောခဲ့တာပဲ။ 


နောက်တစ်ချက် ဂန္ဒီကြီးက အင်္ဂလိပ်နယ်ချဲ့အစိုးရကို တော်လှန်တဲ့နေရာမှာ ပြည်သူတွေ ဘာလုပ်ကြ၊ ညာလုပ်ကြလို့ ခိုင်းစေပြီး သူကိုယ်တိုင်က ဘေးလွတ်ရာ တိမ်းရှောင်နေတာ မဟုတ်ဘူးဗျ။ အင်္ဂလိပ်အစိုးရက ပြည်သူတွေ အကြပ်အတည်း အခက်အခဲဖြစ်အောင် လုပ်ဆောင်တဲ့ကိစ္စတွေပေါ်ပေါက်လာတဲ့အခါ ပြည်သူတွေ ဘာလုပ်ပါလို့ ဂန္ဒီကြီးက ပြောတာ မဟုတ်ဘူး။ သူကိုယ်တိုင် အစာငတ်ခံဆန္ဒပြပြီး တောင်းဆိုတာ။ ဂန္ဒီသေရင် သူတို့ပယောဂဖြစ်မှာ စိုးတဲ့အတွက်ကြောင့် အင်္ဂလိပ်နယ်ချဲ့အစိုးရက ဂန္ဒီတောင်းဆိုတာတွေကို လိုက်လျောပေးခဲ့ရတာ။ ဂန္ဒီက ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လမ်းညွှန်ခဲ့တာ မရှိသလောက်ပဲ။ သူယုံကြည်ရာကို အရှေ့က လုပ်ပြပြီး ပြည်သူတွေ ယုံကြည်ရင် လိုက်ခဲ့လို့ ရတယ်လို့ လမ်းညွှန်တဲ့ ခေါင်းဆောင်ဖြစ်တယ်။


ဂန္ဒီကြီးအကြောင်းကို ကျွန်တော်ဖတ်မှတ်လေ့လာမိသမျှ ပြောဆိုခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရေးသမိုင်းအကြောင်း ရေးသားထားတဲ့ သန်းခေါင်ယံလွတ်လပ်ရေး၊ ဂန္ဒီကြီးတို့ရဲ့ အထုပ္ပတ္တိတို့ကို ဖတ်ရင် ဂန္ဒီကြီးရဲ့ စိတ်နေစိတ်ထားဟာ စွန့်လွှတ်အနစ်နာခံလိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးအာဏာ ဘာမှမရှိဘဲနဲ့ လုပ်ဆောင်သွားခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကို ဦးငါးမင်းဆွေ နားလည်သင့်တယ်။


ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရပ်တည်ချက်၊ ဆောင်ရွက်ချက်တွေကို ပြန်ကြည့်မယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက အားကိုးခဲ့ကြတာကိုတော့ ငြင်းလို့ မရပါဘူး။ တပ်မတော်အစိုးရလက်ထက်မှာ နိုင်ငံတကာက အရေးယူပိတ်စို့မှုတွေနဲ့ ပြည်သူတွေ အကြပ်အတည်းကြုံတွေ့နေရတဲ့အချိန်မှာ တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးကတော့ဖြင့် တိုင်းပြည်ကို နလံထူအောင် လုပ်ပေးနိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အားကိုးခဲ့ကြတာ ဖြစ်ပါတယ်။


ကျွန်တော်တို့အရွယ်အားဖြင့် မမီပေမယ့် ဦးငါးမင်းဆွေတို့ က ၁၉၈၈၊ ၁၉၉၀ သမိုင်းကို ကိုယ်တိုင်ပါဝင်ဖြတ်သန်းခဲ့သူတွေ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ဘယ်လိုသဘောထားရှိသလဲ။ မျိုးချစ်စိတ်ဓာတ် ဘယ်လောက်ရှိသလဲ။ မြန်မာပြည်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လာခြင်းဟာ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ဖို့လား။ သူ့မိခင် နာရေးကိစ္စအတွက်လား ဆိုတာ ပထမတစ်ချက်ပါ။ သူမ မြန်မာပြည်ကို ပြန်လာတာ ပြည်သူတွေရဲ့ အကျိုးအတွက် မဟုတ်ပါဘူး။ တပ်မတော်ကို တော်လှန်ပုန်ကန်နေကြတဲ့ ကျောင်းသားအင်အားစုတွေ၊ ကွန်မြူနစ်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် ထိုးတင်ခဲ့ကြတယ် မဟုတ်လား။ ဒါက ကျွန်တော် ဖန်တီးပြောဆိုခြင်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုပေးဖို့ သွားရောက်ပြောဆိုခဲ့သူတွေထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုချက်ကို အခြေခံပြီး ပြောဆိုခြင်းဖြစ်တယ်။


ရဟန်းရှင်လူပြည်သူတွေရဲ့ လိုလားချက်အရ ခေါင်းဆောင်ဖြစ်လာခဲ့ပေမယ့် ရဟန်းရှင်လူပြည်သူတွေရဲ့ အကျိုးကို ရှေးရှုဆောင်ရွက်ခြင်း မရှိတဲ့ အချက်ကိုပဲ အဓိကထောက်ပြပြောဆိုချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရပ်တည်ချက်ဟာ သူ့ရဲ့စစ်မှန်တဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ခြင်းမရှိဘဲ တိုင်းတပါးရဲ့ စေ့စော်တိုက်တွန်းမှုနောက်မှာ လိုက်ပါခဲ့ခြင်းဖြစ်တယ်ဆိုတာတော့ ၂၀၁၀ အခင်းအကျင်းက သက်သေခံနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကြီးအပြီးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ NLD ဦးဆောင်သူတချို့ရဲ့ လမ်းစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဆိုတဲ့ လမ်းစဉ်ဆိုတာ ဦးငါးမင်းဆွေ သိလိမ့်မယ်။ အဲဒီအချိန်မှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကနေ ဆောင်ရွက်သင့်တယ်လို့ ယုံကြည်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့က ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်တဲ့အတွက် NLD တွေရဲ့ ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်ခြင်းကို ခံခဲ့ကြရတယ် မဟုတ်ပါလား။

ဒေါ်စုဟာ သူပြောတဲ့စကားကို အလေးထားသလားဆိုတာကိုလည်း ထောက်ပြပြောဆိုချင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ဆိုတဲ့ ဒေါ်စုဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကြတော့ ရွေးကောက်ပွဲဝင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲ။ သူမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို ရောက်လာပြီး ဒေါ်စုနဲ့ တွေ့ဆုံပြီးတော့မှ ဒေါ်စုရဲ့ သဘောထား ပြောင်းလဲသွားခဲ့ခြင်း ဖြစ်တယ်ဆိုတာကို ထောက်ထားရင် နိုင်ငံရေးကို ကိုယ့်ယုံကြည်ချက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ တိုင်းတပါးရဲ့ စေ့စော်တိုက်တွန်းမှုနောက်မှာ လိုက်ပါဆောင်ရွက်ရသူ ဆိုတာ ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနားမှာ အနီးကပ်နေထိုင်ခဲ့တဲ့ ဒေါ်နော်အုံးလှ ကိုယ်တိုင် ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။

၂၀၁၂ ရွေးကောက်ပွဲဝင်ပြီ။ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုအရ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်တွင်းကို ရောက်ပြီ။ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်မှာ ညီးမညွှတ်ဘူး ဆိုတာ ဘာသဘောလဲ။ ဒါလေးက အသေးအဖွဲလို့ ထင်ရပေမယ့် သူမရဲ့ အတွင်းကောက် စိတ်ဓာတ်က မသေးဘူးဆိုတာ ပြဆိုနေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော်အမတ်တွေ လွှတ်တော်တွင်း ရောက်လာချိန်မှာ ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂလီတွေစလိုက်တဲ့ ပဋိပက္ခက တစ်နိုင်ငံလုံးကို ပျံ့နှံ့နေပြီ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ပွင့်လင်း က မင်းကိုနိုင်တို့က ဒီပဋိပက္ခတွေကို အစိုးရကပဲ ဖန်တီးနေသယောင် လုပ်ကြံပြောဆိုခဲ့ကြတယ် မဟုတ်လား။ ပြည်ပမီဒီယာများမှ မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် အမေရိကန်အခြေစိုက် VOA သတင်းဌာနမှာ ပြောခဲ့ခြင်းဖြစ်ပါတယ်။

ပြောရေးဆိုခွင့် ရှိလာတဲ့အချိန်မှာ ဦးငါးမင်းဆွေ မျှော်လင့်သလို နိုင်ငံရေးသူတော်စင်အမဖြစ် မရပ်တည်ဘဲ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်နေတဲ့ ဘင်္ဂါလီတွေကို အကာအကွယ်ပေးပြီး အစိုးရကို ပြစ်တင်ပုံချကာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားခဲ့တယ် မဟုတ်ပါလား။ 

ပြောမယ် ဦးငါးမင်းဆွေ - 

ဦးငါးမင်းဆွေ ကိုယ်တိုင်လည်း NLD ကို ထောက်ခံအားပေးခဲ့ဖူးလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖွဲ့စည်းပုံကို ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ဆိုတဲ့အချိန်မျာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မီးရှို့ပြီး ဆန္ဒပြခဲ့ဖူးတယ်။ ဦးငါးမင်းဆွေ၊ ကျွန်တော်တို့မှ မဟုတ်ဘူး။ သံဃာထုတစ်ရပ်လုံး၊ ပြည်သူလူထုတစ်ရပ်လုံးက အားကိုး ယုံကြည်ခဲ့ကြတာပါ။ ကျွန်တော် အမှတ်ရမိတာ တစ်ခုရှိတယ်။ အဲဒီသတင်းကို နားထောင်ခဲ့ရတာ ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော် အလယ်တန်း ကျောင်းသားအရွယ်ပဲ ရှိအုံးမယ်။ အင်းစိန်ဆရာတော်ကြီး ဟာ NLD အတွက် ရပ်တည်ဆောင်ရွက်ပေးခဲ့လို့ အင်းစိန်ရနသိန်မှာ အကျဉ်းစံနေရတယ်။ အဲဒီအချိန် အခု တောင်ဒဂုံ ဋိပိတကနိကာယ်ကျောင်းတိုက်ကြီးက မော်ကျွန်းဆရာတော် ဋိပိတကဘွဲ့ရတဲ့အချိန်ပဲ။ 

ပြောချင်တာက ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ဗိုလ်ချုပ်သမီး ဗိုလ်ချုပ်လိုများ တိုင်းပြည်ကို ကောင်းကျိုးပြုလေမလားလို့ အားကိုးယုံကြည်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာသလို အနယ်နယ်အရပ်ရပ်မှာ မြန်မာအမျိုးသမီးတွေကို ရယူထားတဲ့ မွတ်စလင်များက လူမျိုးရေးအစွန်းရောက်စိတ်နဲ့ ကိုယ့်သားမယားကို နှိပ်စက်ကလူပြုတာတွေ၊ အဓမ္မဘာသာရေးကူးပြောင်းခဲ့တာတွေ၊ မကူးပြောင်းရကောင်းလားလို့ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်လာတဲ့သတင်းတွေက ဖုံးမရ၊ ဖိမရ ဖြစ်လာတယ်။ မဘသအဖွဲ့ကြီး သန္ဓေမတည်ခင်မှာကတည်းက အဲဒီလိုကိစ္စတွေ များမြောင်လာတဲ့အချိန်မှာ မဘသအဖွဲ့ကြီးဖြစ်တည်လာချိန်မှာ ရှေ့နေတွေအကူအညီတောင်းပြီး ဥပဒေရေးရာအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းကာ လိုက်ပါကူညီဖြေရှင်းပေးခဲ့ရတာတွေ ရှိတယ်။ အဲဒီနောက် အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်။

အဲဒီအမျိုးစောင့်ဥပဒေဖြစ်မြောက်ရေးကြိုးပမ်းမှုဟာ ဒေါ်စုရဲ့ သရုပ်မှန်ကို ကွက်ကွက်ကွင်းကွင်း သိလိုက်ရတာပဲ။ အမျိုးစောင့်ဥပဒေကို ဘယ်သူတွေ ဦးဆောင်ပြီး ကန့်ကွက်သလဲ။ လွှတ်တော်တွင်းမှာ ဒေါ်စုဦးဆောင်တဲ့ NLD အုပ်စုက ဦးဆောင်ပြီး ကန့်ကွက်တယ်။ လွှတ်တော်ပြင်ပ အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေတဲ့ အဖွဲ့တွေကိုလည်း ဒေါ်စုက ဦးဆောင်တယ်။ ပြည်ပသြဇာခံ အရပ်ဖက်အဖွဲ့တွေကို ဒေါ်စုပဲ ဦးဆောင်မှုပေးခဲ့တာဖြစ်တယ်။ အဲဒီအချိန်တုန်းက လွှတ်တော်တွင်းမှာ NLD အင်အားနည်းသေးလို့သာပေါ့။ ဒေါ်စုဦးဆောင်တဲ့ NLD လွှတ်တော်အမတ်တွေသာ အင်အားများနေခဲ့ရင် အမျိုးစောင့်ဥပဒေဆိုတာ ဖြစ်လာမှာတောင် မဟုတ်ဘူး။ အဲဒီအချိန်က လွှတ်တော်တွင်းမှာ NLD အမတ် ဒေါ်စန္ဒာမင်း က ပြည့်တန်ဆာဥပဒေတင်သွင်းဖို့ လုပ်နေတယ်။ အမျိုးစောင့်ဥပဒေ ထောက်ခံပွဲ မြောက်ဥက္ကလာပမြို့နယ်မှာ ဦးဇော်ဝင်း ခေါင်းခံပြီး လုပ်ခဲ့စဉ်က ဆရာတော်ဦးဝီရသူ မိန့်ကြားသွားတာက ပျက်စီးနေတဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ပြည့်တန်ဆာဥပဒေလိုအပ်တယ်ဆိုရင် အမျိုးကောင်းသားသမီးတွေကို ပိုပြီး ကာကွယ်မှုမပေးသင့်ဘူးလား လို့ မိန့်ကြားသွားခဲ့ပါတယ်။

ဦးငါးမင်းဆွေ ခင်ဗျားတို့ ကျွန်တော်တို့ NLD ကို ထောက်ခံအားပေးတာထက်ကို အင်းစိန်ရွာမဆရာတော်ကြီး၊ ဆရာတော်ဦးဝီရသူတို့က ပိုခဲ့ပါတယ်။ ဒေါ်စုဟာ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကျိုးပြုလိုတဲ့ အမျိုးသမီးဆိုရင် ဆရာတော်ကြီးတွေက တိုင်းရင်းသားပြည်သူတွေ အကျိုးကို ရှေးရှုပြီး လုပ်တဲ့ ကိစ္စတွေမှာ ဘာများသဘောမမျှစရာ ရှိပါသလဲ။ တိုင်းတပါးအဖွဲ့အစည်းတွေရဲ့ အလိုကျ ဘာကြောင့် လိုက်ပါကန့်ကွက်ခဲ့ရတာလဲ။ တိုင်းပြည်နဲ့ လူမျိုးအကျိုးထက် ငွေကြေးကို မျက်နှာမူခဲ့ခြင်းကြောင့် ဗိုလ်ချုပ်သမီးဟာ တိုင်းရင်းသားပြည်သူတွေအတွက် ကောင်းကျိုးဖြစ်စေမယ့်ကိစ္စမျိုးကို မလိုလားဘူးဆိုတာ ပေါ်လွင်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးပြီးတော့ NLD ပါတီဟာ အာဏာရပါတီဖြစ်လာတယ်။ အာဏာမရမီက တရားဥပဒေစိုးမိုးရေး၊ အဂတိကင်းစင်ရေး၊ ဆင်းရဲနွမ်းပါးပြည်သူတွေကို မက်လုံးပေးခဲ့တာ NLD သာ အာဏာရရင် ချက်ချင်းလက်ငင်း တဲထဲကနေ တိုက်ပေါ်ရောက်တော့မှာလိုလို။ ဦးငါးမင်းဆွေ သိပြီးသားကိစ္စတွေပါ။ ဦးငါးမင်းဆွေ ကိုယ်တိုင်လည်း NLD အစိုးရလက်ထက်မှာ ၁၂၄ ကပ်ပြီး ထောင်ချခံခဲ့ရတဲ့သူပဲ။ ဦးငါးမင်းဆွေကိုမှ မဟုတ်ဘူး။ NLD အတွက် ရဲဝံ့ပြတ်သားစွာ ရပ်တည်ပေးခဲ့တဲ့ ဆရာတော်ဦးဝီရသူ ကို ဝီဝီ လို့ နာမည်ဖျက်ခဲ့တာ NLD တွေပဲ။ ဆရာတော်ဦးဝီရသူကို ပုံဖျက်စော်ကားနည်းမျိုးစုံနဲ့ စော်ကားခဲ့တာ NLD တွေပဲ။ နောက်ဆုံး ဆရာတော်ကိုလည်း ၁၂၄ နဲ့ ထောင်နန်းစံစေခဲ့တာပဲ မဟုတ်လား။ ဆရာတော်ဦးပါမောက္ခ အမေရိကန်သံရုံးက လူမျိုးလိမ်အမည်သုံးစွဲပြီး ထုတ်ပြန်လို့ ဆန့်ကျင်ကန့်ကွက်တာ NLD အစိုးရကို ဆန့်ကျင်တာမှ မဟုတ်ဘဲ။ သို့ပေသော် ၅၀၅(ခ) တပ်ပြီး ထောင်ချခဲ့တာပဲ။ ဆရာတော်ဦးပါမောက္ခ က NLD ကို အဲဒီအချိန်အထိတောင် စိတ်မနာသေးဘူး။ NLD အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာကို ပုံသဏ္ဍာန်မျိုးစုံနဲ့ စော်ကားလာတဲ့ကိစ္စမှန်သမျှ သူကိုယ်တိုင် လိုက်ပါပြီး အမှုဖွင့်တိုင်ကြားတယ်။ ဘယ်ကိစ္စမှ အမှုဖွင့်အရေးယူပေးတာမျိုး မရှိဘူး။ အဲဒီတော့မှ သူ့ကျောင်းမှာ ကပ်ထားတဲ့ NLD လွှတ်တော်အမတ်တွေရဲ့ ဗီနိုင်းကားချပ်ကြီးကို ဖြုတ်ချလိုက်တော့တာ။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပန်းချီကားချပ်ကြီးကို သိမ်းခိုင်းလိုက်တော့တာ။ သူကျောင်းထဲမှာ ချိတ်ဆွဲထားတဲ့ NLD အလံကြီးကိုတော့ ကျွန်တော်တို့က အမြင်မတော်လို့ ဖြုတ်ချပေးခဲ့တာ။

ဒါက ကျွန်တော် အကျဉ်းမျှပဲ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ ခိုးဝင်ဘင်္ဂါလီတွေက ပိုပြီး သောင်းကျန်းလာတယ်ဗျာ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ခိုးဝင်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ခဲ့ရတာပဲ။ ပြည်ပ ပယောဂတွေ ပါဝင်လာအောင် မလုပ်ဆောင်ခဲ့ဘူး။ ရခိုင်နိုင်ငံရေးသမားတွေ၊ လွှတ်တော်တွင်းက အမတ်တွေ၊ ၈၈ က ဦးကိုကိုကြီးတို့ အစိုးရကို လှောင်ပြောင်သရော်ရာမှာ အင်မတန် လက်သံပြောင်ပါတယ်ဆိုတဲ့ ဇာဂနာတို့လို ပုဂ္ဂိုလ်တွေပါ ထည့်သွင်းဖွဲ့စည်းပြီး ကိုင်တွယ်ခဲ့တယ်။ 

ဒေါ်စုဦးဆောင်တဲ့ အစိုးရလက်ထက်ကြတော့ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး ကော်မရှင်ဖွဲ့တဲ့ အခြေအနေမျိုးဖြစ်လာတော့ လွှတ်တော်တွင်းမှာ ရခိုင်ပြည်နယ်ကိုယ်စားပြုအမတ်တွေ ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လဲ။ ဘယ်လိုပင် ဝေဖန်ထောက်ပြစေကာမူ မရခဲ့ပါဘူး။

နိဂုံးချုပ်အားဖြင့် ဦးငါးမင်းဆွေ က ဒေါ်စုကို ဂန္ဒီကြီးလို ဖြစ်စေချင်တယ်လို့ ယုတ္တိမရှိတဲ့စကားကို ပြောလို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ဂန္ဒီကြီးက နိုင်ငံရေးအာဏာလည်း မရှိဘူး။ နိုင်ငံရေးအာဏာရဖို့လည်း မကြိုးစားဘူး။ ဒေါ်စုက နိုင်ငံရေးအာဏာကို မက်မောတာလေဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ၅၉(စ) ပြင်ဆင်ရေးက အဓိက၊ တိုင်းရင်းသားတွေ ပြင်ဆင်လိုတဲ့အချက်တွေ ပြင်ဆင်မယ့်အထဲတောင် ပါမလာခဲ့ဘူး။ သိသာထင်ရှားလွန်းပါတယ်။ အဂတိကင်းစင်ရေးလို့ ကြွေးကြော်ခဲ့တဲ့ ဒေါ်စုရဲ့ အဂတိလိုက်စားမှု မှတ်တမ်းနဲ့ ပြောလိုက်မယ်နော်။ ဒေါ်စုရဲ့ အဂတိလိုက်စားမှုမှတ်တမ်းမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းထံမှ တံစိုးလက်ဆောင်ရယူမှုအပါအဝင် အဂတိမှု (၉)မှုနဲ့ တရားရင်ဆိုင်ခဲ့ရတယ်။ ငွေကြေးပမာဏကို ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အာဏာအလွဲသုံးစားလုပ်ပြီး ရယူခဲ့တဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ (၄)သန်းကျော်၊ မြန်မာကျပ်ငွေ သန်းပေါင်း(၄၉၂၀၆)သန်းကျော် ရှိတယ်။ အဲဒါ အစိုးရတစ်ဖွဲ့လုံးမဟုတ်ဘူးနော်။ ဒေါ်စုတစ်ယောက်တည်းရဲ့ အလွဲသုံးစားလုပ်မှုဖြစ်တယ်။ ဒေါ်စုကို အမှီပြုပြီး သမ္မတဖြစ်လာတဲ့ ဝင်းမြင့် ရဲ့ အဂတိလိုက်စားမှုကလည်း သူမနီးနီးပဲ။ အဂတိမှု ၅မှုမှာ အမေရိကန်ဒေါ်လာ (၄)သန်းကျော်၊ မြန်မာကျပ်ငွေ (၂၃၀၄၈)သန်းကျော် ရှိတယ်။ မပြီးသေးဘူး။ NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အလွဲသုံးစား လုပ်ခဲ့တဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ (၁၃)သန်းကျော်၊ မြန်မာကျပ်ငွေ (၃၆၁)ဘီလီယံကျော် ရှိတယ်။

ဦးငါးမင်းဆွေ - ဦးလေးကြီးက သမိုင်းမှာ သိပ်ကို ဂုဏ်သိက္ခာကြီးလွန်းတဲ့ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ဂန္ဒီနဲ့ သမိုင်းမှာ သိပ်ကို ဆိုးယုတ်လွန်းတဲ့ ဒေါ်စုကို နှိုင်းယှဉ်ပြီး ပြောနေခြင်းကြောင့်သာ ဒီလို ထောက်ပြပြောဆိုပေးရခြင်းဖြစ်ပါတယ်။ အသေးစိတ်တွေ ချပြရင် ပိုပြီး ရွံစရာကောင်းလိမ့်မယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး မဲမသမာမှုတွေကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို ထိန်းခဲ့ပြီ။ NLD ဦးဆောင်သူတချို့က အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြပြီ။ ရုံးထုတ်တွေမှာ သူမကို ပြောရေးဆိုခွင့် ပြုခဲ့တယ်။ အကြမ်းဖက်လမ်းစဉ်ကို မလုပ်ကြပါနဲ့လို့ တစ်ခွန်းဟခဲ့သလား။ အကြမ်းဖက်လမ်းစဉ်ကို အားပေးအားမြှောက် ပြောခဲ့လို့ ပြောရေးဆိုခွင့်ကို ပိတ်ပင်ခဲ့ရခြင်းဖြစ်တယ်။

မတူညီတဲ့ သဘောသဘာဝ အထင်အရှားရှိတယ်။ ဦးငါးမင်းဆွေ က ငြိမ်းချမ်းရေးကို သိပ်မြတ်နိုးတယ်ဆိုရင် ဦးငါးမင်းဆွေက ရှေ့ကထွက်ပြရမှာ။ ဂန္ဒီကြီးလို ရှေ့ဆောင်ဦးရွက်လုပ်ရမှာ။ ဒေါ်စုက နိုင်ငံရေးသူတော်စင် မဖြစ်နိုင်ဘူး။ ဒေါ်စုမှာ ဂန္ဒီကြီးလို လုပ်နိုင်တဲ့ ပါဝါရှိတယ်။ ဒေါ်စု နိုင်ငံရေးအာဏာမရှိလဲ တိုင်းပြုပြည်ပြု လုပ်နိုင်ပါတယ်။ သူ့စကားကို နားထောင်ကြသူတွေ များသကိုး။ သူက မလုပ်ဘူးလေ။ နိုင်ငံရေးအာဏာရဖို့ပဲ တည်ဆောက်ခဲ့တာ။ ငါးနှစ်တာ အာဏာရတဲ့ကာလ ၅၉(စ) ပြင်ဆင်ရေးသာ ပဓာန၊ ခိုးဝင်ဘင်္ဂလီအရေးက ဒုတိယ။ ထိုင်းနိုင်ငံကို သွားတုန်းက မြန်မာနိုင်ငံက အလုပ်သမားတွေ သူများနိုင်ရဲ့ ဥပဒေကို လေးစားဖို့ ပြောတယ်။ ကိုယ့်နိုင်ငံထဲကို ခိုးဝင်နေထိုင်သူတွေကိုတော့ အဲဒီလို စကားမျိုး မပြောဝံ့ဘူးဆိုကတည်းက စဉ်းစားတော့ပေါ့ဗျာ။

အခုအချိန်မှာ ဒေါ်စုက အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြပါလို့ ပြောရင်ရော သူ့ရဲ့ထမီနားကို ခိုပြီး နိုင်ငံရေးလုပ်စားနေတဲ့ သတ္တဝါတွေက နားထောင်မလား။ အမေရိကန်ဆီက စားထားတာတွေ များနေပြီ။ အိုအိုင်စီထံက ရယူထားတာတွေ လွန်နေပြီ။ သူတို့ရဲ့ လုပ်ငန်းစဉ်ကို ထိပါးလာရင် ဒေါ်စုကိုတောင် လုပ်ကြံသတ်ဖြတ်ကြလိမ့်မယ်။ ဦးငါးမင်းဆွေ ပြောပြောနေတဲ့ စီအိုင်အေစနက်တွေပေါ့ဗျာ။ မပူပါနဲ့ အမေရိကန် က ဒေါ်စုမရှိရင်လည်း မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဖို့ မျိုးဆက်သစ် ပြည်ဖျက်မိစ္ဆာလေးတွေ မွေးထားပြီးသား။ ဒေါ်စုပြီးရင် မင်းကိုနိုင်လာမယ်၊ မင်းကိုနိုင်ပြီးရင်လည်း တိုင်းဖျက် ပြည်ဖျက် လက်ဆင့်ကမ်းဆောင်ရွက်မယ့် မျိုးဆက်ပြတ်မသွားအောင် အထိ အမေရိကန်က အမျှော်အမြင်ကြီးပါတယ်။

ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်မလုပ်ဘဲ သူများကို လုပ်စေချင်နေလို့ ဘယ်ဖြစ်နိုင်မလဲ။ သူမကလည်း ခင်ဗျားပြောတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ အရှင်းဆုံးပြောရရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပိုင်စိုးချင်တာ ရဟန်းရှင်လူပြည်သူလူထုကို ကောင်းကျိုးပြုလိုစိတ် မရှိဘူးဗျာ။ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေ၊ ငွေကြေးထောက်ပံ့ပေးတဲ့ အိုအိုင်စီအဖွဲ့ရဲ့ အလိုကျ လုပ်ဆောင်ဖို့ နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ရယူဖို့ ကြိုးပမ်းခဲ့ခြင်းဖြစ်တယ်ဆိုတာ သူမရဲ့ လုပ်ရပ်တွေက သက်သေခံလျက်ပါ။ ဦးငါးမင်းဆွေ ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မျှော်လင့်တဲ့ မျှော်လင့်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေ က ဘာတစ်ခုမျှ ထင်ဟပ်ပြလို့ မရပါဘူး။ ဂန္ဒီကြီးကို အားနာပါ။ ဂန္ဒီကြီးရဲ့ ဂုဏ်သိက္ခာကို ထောက်ထားပါ။ ယုတ္တိမရှိတဲ့ စကားတွေ မပြောပါနဲ့။ ဂန္ဒီကြီး က သူ့ရဲ့ အသက်ကိုပဓာနမထားဘဲ ငြိမ်းချမ်းရေးအတွက် ရပ်တည်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို စတေးပြီး အာဏာရမ္မက် ထခဲ့သူပါ။ လိုက်လျောညီထွေ ဖြစ်မယ့် စကားမျိုး ပြောကြပါ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)