တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ထပ်လောင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ထပ်လောင်းပြောကြား


MNP ၊ ဇွန် ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့သည့်အခြေအနေများကို ရှင်းလင်းပြောကြားသွားသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကိုမှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကိုလေ့လာကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည်တတိယဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)ကို ကျင့်သုံးခဲ့ကြောင်း၊ မိမိတို့တိုင်းပြည်သည် ကိုလိုနီဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်အများစုတွင် နိုင်ငံရေးအယူအဆကွဲပြားမှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၌ဆိုရှယ်လစ်စနစ်ကျင့်သုံးနိုင်ရေးအတွက် တော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထားကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်းမှတ်တမ်းများ၌တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံရေးအရအခက်အခဲနှင့် သမိုင်းကြောင်းများအပြင် စီးပွားရေးအရအခက်အခဲနှင့် သမိုင်းကြောင်းများကြောင့် ဖြစ်ကြောင်း။


ထိုသို့ အခက်အခဲ၊ အကြပ်အတည်းများဖြစ်ပေါ်နေမှုကို တပ်မတော်ခေါင်းဆောင်များက သတိထားတွေ့မြင်ခဲ့ပြီး တိုင်းပြည်၏အနာဂတ်အရေးအတွက် မျှော်တွေးထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထို့နောက် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးခဲ့ပြီး နိုင်ငံတော်၏စီးပွားရေးအခန်းကဏ္ဍကို ပြည်သူတို့လက်ဝယ်တွင်ရှိစေရေးအတွက် ဆောင်ရွက်ခဲ့ရသည်များရှိကြောင်း၊ ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊ စီမံခန့်ခွဲမှု အားနည်းချက် တို့ကြောင့် စီးပွားရေး ကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားခဲ့ရခြင်းသည် နိုင်ငံရေးပဋိပက္ခများထက် စီးပွားရေးကျဆင်းခဲ့ရမှုများကြောင့် အခြေခံပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရေး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေး တပ်မတော်မှဦးဆောင်၍ ဆောင်ရွက်ခဲ့ရကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့သွားနိုင်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ရာတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ကြောင်း။


၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီအစိုးရတစ်ရပ်တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးတက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင်လည်း အုပ်ချုပ်သူအစိုးရအဖွဲ့အနေဖြင့် အကြပ်အတည်းများစွာဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်မှကူညီဖြေရှင်းပေးခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟုအကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲတွင်မရိုးသားသည့် နည်းလမ်းများဖြင့်အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်မှနိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်း နေသည့်၊ ပြည်သူလူထုမှလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါလမ်းကြောင်းပေါ်မှသွေဖယ်အောင် ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိရန်လိုကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကိုအခက်အခဲ၊ အကြပ်အတည်းများကြားမှ ဘက်ပေါင်းစုံဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် အချက်အားမဖြစ်မနေ အကောင်အထည်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များ တက်ရောက်ကြသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)