ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ် ရေလမ်းကြောင်းအခြေအနေ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ် ရေလမ်းကြောင်းအခြေအနေ ကြည့်ရှုစစ်ဆေး


MNP ၊ ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ် ရေလမ်းကြောင်းအခြေ အနေကို ယမန်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာအမျိုးသားကော်မတီ အဖွဲ့ဝင် ဦးကြည်သာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်မတော်စစ်ရေယာဉ်ဖြင့် မြင်းခြံမြို့နယ် ရန္တပိုကျေးရွာအနီး မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့်  သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါး ဝဲ/ယာရှိ ဘူမိဗေဒအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် နှင့် တာဝန်ရှိသူများက  ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ်၏ ရေလမ်းကြောင်း၊ ရေမျက်နှာပြင် အနိမ့်အမြင့်ကွာခြားချက်၊ ရေအတိမ်အနက်နှင့် မြစ်ရေထုထည်စီးနှုန်း အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က ယခုနေရာသည် အကြိုစူးစမ်းလေ့လာမှုများ ဆောင်ရွက်ရန် သင့်လျော်သည့်နေရာဖြစ်သောကြောင့် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ်  သက်ရောက် နိုင်မှုများကို အသေးစိတ်စူးစမ်းလေ့လာမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချင်းတွင်းမြစ်သည် အနည်ကျမှုနှုန်း ပိုမိုများပြားကြောင်း၊ ယခု ရန္တပိုနေရာသည် ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်ဆုံရာ၏ အထက်ဘက်တွင် တည်ရှိသဖြင့် ရေအရည်အသွေးကောင်းမွန်ပြီး အနည်ကျနှုန်း ပိုမိုနည်းပါးနိုင်သည့် အတွက် လုပ်ငန်းများ ဆောင်ရွက်ပါက မြစ်၏အောက်ပိုင်းနေရာများ ထက် ပိုမိုအကျိုးရှိနိုင်မည် ဖြစ်ကြောင်း။

ထို့ကြောင့် အကြိုစူးစမ်းလေ့လာတိုင်းတာမှုအနေဖြင့် မြေမျက်နှာသွင်ပြင်၊ ဇလဗေဒ နှင့် ဘူမိဗေဒ ဆိုင်ရာလေ့လာမှုများအပြင် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် နီးကပ်စွာတည်ရှိနေသဖြင့် မြေငလျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများကို စတင်၍ စူးစမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုမှရရှိလာသော အချက်အလက်များ အပေါ်အခြေခံပြီး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ထပ်မံအသေးစိတ်ဆောင်ရွက်သွားရ မည်ဖြစ်သည့်အတွက် နိုင်ငံတကာ အတွေ့အကြုံရှိသည့် အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့ အစည်းများနှင့် ဌာနမှ လူအင်အားအရင်းအမြစ်များ ပူးပေါင်းကာ စနစ်တကျ အသုံးချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)