စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ ဇွန် ၁၀

မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သည့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို တာဝန်ရှိသူအားလုံးက မျက်ခြည်မပြတ် လေ့လာမှတ်သားပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များအဖြစ်ခံယူ၍ ကျရာအခန်း ကဏ္ဍများက ကြိုတင်ပြင်ဆင်ခြင်း နှင့် လုပ်ငန်းအကောင်အထည် ဖော်ခြင်းကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ကျင်းပသည့် ဌာနပေါင်းစုံပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကုန်ထုတ် လုပ်မှုတိုးမြှင့်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးသို့ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တိုင်းဒေသ ကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက အွန်လိုင်းဖြင့် ပါဝင်တက်ရောက် ကြသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် လယ်ယာကဏ္ဍ၏ ဂျီဒီပီတိုးတက် မှုနှုန်းကို ၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိရေး လျာထားဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍမှ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ သားငါးမှ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်အလိုက် လျာထားစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးသည် အရေးကြီးသကဲ့သို့ သီးထပ် စွမ်းအား မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ငွေဖြင့် နွေစပါးနှင့် ဆောင်းပဲတီစိမ်း သီးနှံများကို အကောင်အထည် ဖော်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ပြီး လာမည့်မိုးစပါးရာသီတွင် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ တိရစ္ဆာန်အစာပင်များ စိုက်ပျိုး၍ လှန်ကျောင်းလွှတ်ကျွေးသည့်စနစ်မှ လှောင်မွေး ရိတ်ကျွေးစနစ်ကို အားပေးရန်ဖြစ်ကြောင်း၊ အလားတူ လက်ရှိရေထွက်ပစ္စည်း ထုတ်လုပ်မှုကို ဖမ်းဆီးထုတ်လုပ်ခြင်း ထက် ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး ပြောင်းလဲကြိုးပမ်းလုပ် ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာ တင်ထွဋ်တို့က ဆောင်ရွက်ပြီး လုပ်ငန်းအတွေ့အကြုံများကို သုံးသပ်ဆွေးနွေးပြီး ဦးစီးဌာနအလိုက် ဆက်လက်အကောင်အထည် ဖော်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် လယ်ယာကဏ္ဍဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အဆင့်တာဝန်ရှိသူများက ဒေသ အလိုက် လုပ်ငန်းဆောင်ရွက်ချက်များ ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူး ချုပ်များက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)