MNP ၊ ဇွန် ၂
" ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်း ကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက " ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိ စေရန် " ရည်ရွယ်၍ ၂၀၂၃-ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များအား ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက် ဖွင့်လှစ်ပညာသင်ကြား ပေးလျက်ရှိရာ တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)တွင်လည်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်း များနှင့်အညီ လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး တာမွေမြို့နယ် အပါအဝင် အနယ် နယ်အရပ်ရပ်မှ အကြားအာရုံချိုတဲ့သော အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)၌ အခြေခံပညာအဆင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ လာရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးလုပ်ငန်းအနေဖြင့် စာသင်ခန်းအတွင်းသို့ မဝင်ရောက်မီ တာဝန်ကျဆရာ/ဆရာမများက ကိုယ်အပူချိန် တိုင်း တာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်)ကို ၂၀၁၄-ခုနှစ် ဇွန်လ(၉)ရက်နေ့က စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား (၃၁)ဦးနှင့် ကျောင်းသူ (၁၉)ဦး စုစုပေါင်း (၅၀)ဦးကို လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးနိုင် ခဲ့ကြောင်း၊ ယခုအခါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား(၄၀)ဦးနှင့် ကျောင်းသူ (၃၀)ဦး စုစုပေါင်း (၇၀)ဦးကို လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး ယခုပညာသင်နှစ်တွင် သူငယ်တန်း(KG)မှ ပဉ္စမတန်း (GRADE-5)အထိ တိုးမြှင့်ပညာသင်ကြားပေးနိုင်ခဲ့ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပညာ သင်ကြားသည့် ကျောင်းသား/သူများ နေရာထိုင်ခင်း အဆင်ပြေစေရေးအတွက်လည်း ညအိပ်ဆောင်များအား စီစဉ် ဆောင်ရွက်ပေးထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment