လားရှိုးမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP ၊    ဇွန်   ၁၇

ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲကို  ယမန်နေ့ညနေ (၃)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၅)ရှိ ခရိုင်မီးသတ်ဦးစီးမှူး ရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဦးအောင်ဝင်းစိန်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ပထမဆုရရှိသူအား ဆုချီးမြှင့်သည်။


ဆက်လက်၍ သင်တန်းထူးချွန်ဒုတိယဆုရရှိသူအား လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး၊ တတိယဆုရ သင်တန်းသားအား အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကျော်တင့် တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်က သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသားတစ်ဦးက သင်တန်းသားများကိုယ်စား လက်ခံရယူသည်။


ထို့နောက် လားရှိုးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်မျိုးကျော်က လားရှိုးလူငယ်ပရဟိတအသင်း၊ ပေးသောလက်ပရဟိတအသင်း၊ ကမ္ဘောဇပရဟိတအသင်း၊ နောင်မွန်လူငယ် ပရဟိတအသင်းတို့အတွက် First Aid Kits Bag များ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


အဆိုပါသင်တန်းကို ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်က ကြီးကြပ်ကာ သင်တန်းသား (၅၀) ဦးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိနေကြောင်း သိရသည်။


သင်တန်းတွင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ အခြေခံကြိုးချည်နည်း၊ ဆင့်ပွားကြိုးချည်နည်း၊ ခေတ်မီရှာဖွေကယ်ပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းခြင်း၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းနည်း၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ ငလျင်ရှာဖွေကယ်ဆယ်ရေးစသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနေပြီး သင်တန်းသို့ လားရှိုးမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၀)ရက် ကြာမြင့်ကြောင်း သိရသည်။


စိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)