စက်သုံးဆီနှင့် မြေဩဇာ စသည့်သွင်းအားစုဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက် ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်သုံးဆီနှင့် မြေဩဇာ စသည့်သွင်းအားစုဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက် ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား



အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာ စက်သုံးဆီနှင့် မြေဩဇာ စသည့်သွင်းအားစုဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက် ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း ထည့်သွင်းပြောကြားသွားသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် သားငါးကဏ္ဍကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍကုန် ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ တစ်ဖက်မှ လည်း ကုန်ဈေးနှုန်းကျဆင်းစေရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ပြည်တွင်းမှသဘောထားကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေးကဏ္ဍ ထိခိုက်အောင် ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ပြည်ပမှလည်း အကြောင်းအမျိုး မျိုးပြပြီး စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကုန်သွယ်မှုနှင့် ပတ်သက်၍ဆောင်ရွက်ရာတွင်လည်း ရရှိသည့်ငွေများကိုလည်း ကန့်သတ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားငွေများကိုအသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ငွေကြေးကွာဟချက်များအပေါ်မူတည်၍ ကုန်သွယ်ရေး တွင် ငွေကြေးကစားသူများက အဆိုပါအခြေအနေကို ကိုယ်ကျိုးအတွက်အမြတ် ထုတ်ရန်အသုံးချလာသည်ကိုတွေ့ရှိရကြောင်း၊ ဘဏ်လုပ်ငန်းများထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ကြကြောင်း။  


၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံ၏စီးပွားရေးကိုထိခိုက်အောင်လုပ်ဆောင်ခဲ့ရာ ၂၀၂၂ ခုနှစ်အထိ ငွေကြေးလည်ပတ်မှုပြန်လည်တည်ငြိမ်ရေးလုပ်ဆောင်ခဲ့ရာ ထိုက်သင့်သည့် ပမာဏအထိ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ် ခဲ့သည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် အရှေ့ဥရောပဒေသဖြစ်စဉ်များကြောင့် လောင်စာ ဆီပြဿနာများ အထိဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီဈေးနှုန်းများကြီးမြင့်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြီးမြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်များမြင့်တက် လာခြင်းနှင့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းများဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ခြင်းသည် မိမိတို့နိုင်ငံအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း။


မိမိတို့နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှုကုန်ကျ စရိတ်များမြင့်တက်လာခြင်းများရှိကြောင်း၊ ဝိသမလောဘသားများ၏ ငွေကြေးကစား မှုနှင့် နိုင်ငံရေးအရအမြတ်ထုတ်လိုမှုများကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက် သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု ယူဆရကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့် ခြင်းတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာ ခြားချက်ကြီးမားခြင်းနှင့် အဆင့်ဆင့်ရောင်းချမှုများ များပြားခြင်းကြောင့် ကုန်ဈေး နှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ကိုတွေ့ရှိရကြောင်း။


ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေဩဇာများအသုံးပြုရေး၊ မွေးမြူရေးလုပ်ငန်း များကို စနစ်တကျဖြင့်ဆောင်ရွက်၍ တိရစ္ဆာန်များမှ ထွက်ရှိသည့်စွန့်ပစ် ပစ္စည်းများ ဖြင့်ဇီဝမြေဩဇာများအသုံးပြုရေး လမ်းညွှန်မှာကြားထားသကဲ့သို့ဓာတ်မြေဩဇာများ ကိုပြည်ပမှဝယ်ယူရရှိရေး အတွက် အစိုးရမှစီစဉ်ဆောင်ရွက်ပေးထားကြောင်း။


စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေလိုအပ်ချက်နှင့်ပတ်သက်၍ မြစ်ရေတင် စီမံကိန်းများကို အလေးပေးဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အားမရရှိနိုင်သည့် ဒေသများ တွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်း လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများပြသ ဆောင်ရွက်ပေးခဲ့ရာ အထိုက်အလျောက်အောင်မြင်မှုများရှိခဲ့ကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အစာနှင့်ရေများ လုံလောက်စွာရရှိရန်လို ကြောင်း။


ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးဆောင်ရွက်ရာတွင် နည်းလမ်းများရှိ နေသော်လည်း ရာနှုန်းပြည့်လုပ်ဆောင်နိုင်မှုမရှိသေးကြောင်း၊ ထိုအထဲတွင် သယ်ယူ ပို့ဆောင်စရိတ်များကြီးမြင့်ခြင်းလည်း ပါဝင်ကြောင်း၊ လောင်စာဆီဈေးနှုန်းများ ကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များ ပိုမိုနေ ကြောင်း၊ ထို့ကြောင့် မီးရထားနှင့်ပို့ဆောင်ခြင်းနှင့် ရေကြောင်းမှ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ရန်အတွက် မိမိအနေဖြင့်အမြဲမပြတ်တိုက်တွန်း ပြောကြားခဲ့ရာ အတိုင်း အတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် အရေးမကြီးသည့်ပစ္စည်းများကို မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခြင်းများ ရှိနေခြင်းကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုစရိတ်များမှာ ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ မီးရထားနှင့်ပို့ဆောင် ခြင်းသည် သယ်ယူပို့ဆောင်မှုစရိတ်ကို များစွာသက်သာစေကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများ အနေဖြင့် အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း။


ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိခြင်းနှင့် ပတ်သက်၍ အခြေခံအားဖြင့် ဒေသအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငြုပ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါး၊ ဥများမှာ  ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ဒေသအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စိုက်ပျိုးမြေများလုံလောက်စွာရှိပြီး ဖြစ်သကဲ့သို့ မွေးမြူရေးအတွက်လိုအပ်သည့် တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင် သည့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လုံလောက် စွာ ရှိပြီးဖြစ်ကြောင်း၊ ဒေသအတွင်း အသား၊ ငါးလိုအပ်ချက်များရှိနေခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ ဒေသအလိုက်စားရေးကို အဓိကအ ထောက်အကူပြုစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီး ဖြစ်သဖြင့် ထိရောက်စွာအသုံးချရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ အလိုက် စားရေးလိုအပ်ချက်ကို လုံလောက်စွာထုတ်လုပ်၍ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတမှုရှိစေရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း။


တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြေများကိုအပြည့်အဝအသုံးချနိုင်ရန်နှင့် မြေကိုအကျိုးရှိရှိ အသုံးချရန် လိုကြောင်း၊ လှပ်မြေများမကျန်ရှိစေရေး စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် မွေးမြူရန်လို ကြောင်း၊ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်မှသာ ထွက်ကုန် များပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အထွက်တိုးအောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကိုလည်း အနည်းဆုံး ဧကကွက်များအဖြစ်ဖော် ထုတ်ဆောင်ရွက်ပြီး အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမြေ များနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများတွင်လည်း အထောက်အကူပြုမည်ဖြစ် ကြောင်း။


ကုန်ပစ္စည်းများရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းဝယ်မှု နှင့်ပတ်သက်၍ ပြုပြင်ခြင်းများဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက်ဆောင်ရွက်ရာတွင် တိုင်းပြည်၌ ရှိသင့်ရှိထိုက်သည့် ကုန်ဈေး နှုန်များဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများ မြှင့်တင်ရန်အရေးကြီးကြောင်း၊ မိမိတို့၏ရည်မှန်းချက်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာများပေါများရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရေးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်ပြီး  မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားအရင်း အမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအလိုက် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးဆောင် ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။


ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ကုန်ဈေးနှုန်းများနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဒေသအလိုက် ဝမ်းစာဖူလုံမှု၊ ကုန်ထုတ်လုပ်မှု၊  နိုင်ငံ့စီး ပွားမြှင့်တင်မှုရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊  အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီ နှင့် လူသုံးကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်းအတက်အကျအခြေအနေ၊ ကုန်ထုတ်လုပ်မှု နှင့် ဝယ်လိုအားမျှတမှုရှိအောင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍လမ်းခရီးများရှိ ဂိတ်များ၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များ မရှိစေရေး ပြည်နယ်နှင့်တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အရေးမကြီးသည့် ကုန်ပစ္စည်းများကို ရထားပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရေး အားပေးတိုက်တွန်းလိုကြောင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေး ည်လည်း ဆောင်ရွက်သင့်သည့်လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင် ရေးကဏ္ဍတိုးတက်ရေးအတွက် လေယာဉ်ကွင်းများတိုးချဲ့အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်မည်ဆိုပါက အရေးကြီးသည့်ပစ္စည်းများကို လေကြောင်းမှတစ်ဆင့် မြန်ဆန်စွာတင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများဈေးနှုန်းကြီး မြင့်မှုကြောင့် ကုန်ဈေးနှုန်များကြီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းများ အလိုက် ကုန်စည်ဒိုင်များကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်တွင်း၌ပြည့်ပြည့်ဝဝလုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆို ပါက အသား၊ ငါးနှင့် ဥများဈေးနှုန်းကြီးမြင့်မှုများကို အထိုက်အလျောက်လျှော့ချနိုင် မည်ဖြစ်ကြောင်း။


အချို့သောအသားများ၏ ကြမ်းခင်းဈေးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ စည်ပင် သာယာမှ ဈေးနှုန်းသတ်မှတ်ပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြမ်းခင်းလေလံဈေးများ ကြီးမြင့်မှုများဖြစ်ပေါ်ခြင်းမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ပြည်ထောင်စုနှင့်ညှိနှိုင်း၍ နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊  ဆန် ဈေးနှုန်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အဓိကအားဖြင့် မိုးစပါးကိုစိုက်ပျိုးကြ ကြောင်း၊ လယ်စိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်မှာ တင်း ၁၀၀ ဖြစ် သဖြင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လိုကြောင်း၊ လယ်ကို ပန်းတိုင် ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လိုသကဲ့သို့ ယာစိုက်ပျိုးမှုများကိုလည်း ပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက စပါးထွက်ရှိမှုများ ပိုလျှံလာမည် ဖြစ်ပြီး အခြားဒေသများသို့ တင်ပို့နိုင်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ဝမ်းစာဖူလုံရေးသည် ပြည်ထောင်စုအတွက်အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကိုသာမက အခြားသီးနှံစိုက်ပျိုးမှုများကိုလည်း အထွက်နှုန်းများတိုး တက်အောင် စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ အလားတူ ယခုအခါ မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သစ်ပင်များစိုက်ပျိုး ရာတွင် စိုက်ပျိုးသည့်အပင်များအားလုံးရှင်သန်ရေး သတ်မှတ်ထားသည့် ပျိုးပင် အရွယ်အစားများကို စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ရာသီဥတုကိုအထောက် အကူ ပြုစေမည့် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ကြ ရန်လိုကြောင်း။


သမဝါယမ စနစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံးရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ စုပေါင်းသမဝါယမစနစ် ဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း၊ ထို့အတွက်လည်း နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးတင်ပြမှုများအရ ဆောင်ရွက်သင့်သည့် အချက်များကို သိရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုအပိုင်းတွင် အခြေခံစားကုန်များနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် မူဝါဒများချမှတ်ခြင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များကိုဥပဒေနှင့် အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း။


ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့် နိုင်ငံရေးရည်မှန်းချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ် များကို လုပ်ပိုင်ခွင့်များပေးထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝင်ငွေ ရရှိရန်လိုအပ်သဖြင့် ကုန်ထုတ် လုပ်မှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အလားတူပင် ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုသည် နိုင်ငံအတွက်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများသည် ပြည်တွင်းဈေး ကွက်လိုအပ်ချက်ကိုသာမက ပြည်ပဈေးကွက်များသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး မြင့်ထုတ်ကုန်များဖြစ်ရန်လိုအပ်ကြောင်း။


ထုတ်ကုန်များထုတ်လုပ်ရာတွင် သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲရာတွင် မြေအောက်တွင်းထွက်သယံဇာတများကို သုံးစွဲခြင်းထက် မြေပေါ်သယံဇာတဖြစ်သည့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ရေသယံဇာတသုံးစွဲရာတွင်လည်း ဖမ်းဆီး ခြင်းထက် မွေးမြူခြင်းကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကိုထိန်းညှိနိုင်သည့် ကုန်ထုတ်လုပ်မှုမျိုး ဖြစ်ရန်လိုအပ်သဖြင့် ချိန်ထိုးဆောင်ရွက်ကြ ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ငွေကြေးစီးဆင်း လည်ပတ်မှုကောင်းမွန်ပြီး ဒေသစီးပွားနှင့် နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်ကြောင်း။


ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းမှထုတ်လုပ်သည့် ကုန်ကြမ်း များကို အဓိကထားအသုံးချရန်လိုကြောင်း၊ ယခင်ကာလများကဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များအပေါ် သင်ခန်းစာများယူ၍ မိမိတို့တာဝန်ယူချိန်ကာလအတွင်း နိုင်ငံ့စီးပွားရေးကို ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ကြိုးပမ်း ဆောင်ရွက်မှုများ၏ အကျိုးရလဒ်ကို နောင်မျိုးဆက်များ ခံစားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အခြေခံစားကုန်များကိုလုံလောက်စွာထုတ် လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်သူများအနေဖြင့် အများပြည်သူ များအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများအနေဖြင့်လည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နေ ရန်လိုကြောင်း၊ ယခုအခါ စက်သုံးဆီနှင့် မြေဩဇာ စသည့်သွင်းအားစုဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက် ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း။


 မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုးခိုင်မာမှုရှိစေရေးနှင့် ငွေကြေးဖောင်းပွမှုများမရှိအောင် ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်ပြီး နိုင်ငံ့ဝင်ငွေတိုးပွား အောင်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုန်ထုတ်လုပ် မှုများတိုးတက်စေရေး မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လို ကြောင်း၊ အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းညှိပေးနိုင်ရန်အတွက် တပ်မတော်အနေဖြင့် တပ်ပိုင်စိုက်ပျိုမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါးနှင့် ဥများ၊ တက်မတော်စက်ရုံများမှ ထွက်ရှိသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ကို ပြည်သူများထံသက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်ပြီး ယခုဖြစ်ပေါ် နေသည့် ကုန်ဈေးနှုန်းကို ထိန်းညှိနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးသည် သင့်တင့်သည့်ဈေးနှုန်းများဖြစ်စေရေးအတွက် နည်းလမ်းများရှာ ဖွေရန် အစပျိုးပေးလိုက်ခြင်းဖြစ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နည်းလမ်းများ ရှာဖွေ၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)