လက်နက်/ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် KIA အဖွဲ့ဝင်များအား ဆုကြေးငွေများ နှင့် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်/ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် KIA အဖွဲ့ဝင်များအား ဆုကြေးငွေများ နှင့် ထောက်ပံ့ငွေများ ပေးအပ်



MNP ၊ ဇွန် ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ဖိတ်ခေါ် ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို လက်ခံကြိုဆိုလျက် ရှိရာ ယနေ့တွင် ဉပဒေဘောင်အတွင်းဝင်ရောက်လာသော KIA အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်မှ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြန်လည်ဝင်ရောက်လာသည့် KIA အဖွဲ့များ နှင့် ၎င်းတို့၏ မိဘများတက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် တနိုင်းမြို့နယ် အတွင်းမှ KIA အဖွဲ့ဝင်အမျိုးသား ၂ ဦးသည် ၎င်းနှင့် အတူပါလာသော K-25 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅၀ တောင့်နှင့် လက်ပစ်ဗုံး ၂ လုံးအား တာဝန်ရှိသူများထံအပ်နှံကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆုကြေးငွေ အဖြစ်ပေးအပ်သည့် သေနတ် တစ်လက်လျှင် ငွေကျပ်သိန်း ၅၀နှုန်းဖြင့် ငွေကျပ် သိန်း ၁၀၀၊ လက်ပစ်ဗုံး ၂ လုံးအတွက် ဆုကြေးငွေ ၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၀၆ သိန်းကို တာဝန်ရှိသူများက ပေးအပ်ကြပြီး ဝန်ခံကတိ လက်မှတ်ရေးထိုး စေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)