ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ် BNS SOMUDRA JOY (F-28) ပေါ်မှ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီးနောက် ပြန်လည်ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ် BNS SOMUDRA JOY (F-28) ပေါ်မှ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီးနောက် ပြန်လည်ထွက်ခွာ



MNP ၊ ဇွန် ၆

ရခိုင်ကမ်းရိုးတန်းဒေသသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှမုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိနေသော စစ်ရေယာဉ် BNS SOMUDRA JOY(F-28) ပေါ်မှကူညီ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးယာယီတာဝန်ခံ Mr. ASM Sayem မှရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းထံသို့ လွှဲပြောင်းပေးအပ်သည်။


အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးသန်းစိုး၊ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးအပါအဝင် သံရုံးမှတာဝန်ရှိသူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးယာယီတာဝန်ခံက ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယနေ့ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှစစ်ရေယာဉ်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြသည့် ဆန်၊ ဆီ၊ ပဲ၊ သကြား၊ ဆား၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ရွက်ဖျင်တဲ၊ ဆေးဝါး ပစ္စည်းများနှင့် ရေသန့်ဆေးပြားစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန်(၁၂၀) ခန့်ဖြစ် ကြောင်းသိရသည်။ အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား တပ်မတော်(ရေ) စစ်ရေယာဉ်ဖြင့်တင်ဆောင်၍ စစ်တွေမြို့မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်းနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေနိုင်ရေးစီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။


ထို့နောက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ် BNS SOMUDRA JOY (F-28) သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)