တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြန့်ဖြူးဆောင်ရွက်ပေးနေမှု ကြည့်ရှုစစ်ဆေးပြီး ဆလုံတိုင်းရင်းသားများအား ဆန်၊ ဆီ များထောက်ပံ့၍ Biometric Data များ စာရင်းကောက်ယူနေမှုအား ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြန့်ဖြူးဆောင်ရွက်ပေးနေမှု ကြည့်ရှုစစ်ဆေးပြီး ဆလုံတိုင်းရင်းသားများအား ဆန်၊ ဆီ များထောက်ပံ့၍ Biometric Data များ စာရင်းကောက်ယူနေမှုအား ကြည့်ရှု






MNP ၊ ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဇူလိုင်(၂၀)ရက် နံနက်ပိုင်းက ကျွန်းစုမြို့နှင့်ကျေးရွာများရှိ ပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ကတ္တလူ အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ ဓာတ်အားပေးစက်ရုံ  ယာယီရှင်းလင်းဆောင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်နှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်းတို့က အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ မြို့ပြ၊ စက်မှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ အထွေထွေမွမ်းမံ ပြုပြင်ပြီးစီးမှုအခြေအနေနှင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံအတွင်း ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ ဓာတ်အားပေးစက်ရုံတွင် စက်တပ်ဆင်အင်အား (၅၀)ကီလိုဝပ်တစ်လုံး၊ (၇၅)ကီလိုဝပ် နှစ်လုံး တပ်ဆင်ထားရှိပြီး နှစ်စဉ်ဓာတ်အား ပျှမ်းမျှထုတ်လုပ်နိုင်မှုအနေဖြင့် (၁၂၅၀၀၀)ကီလိုဝပ် နာရီ ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုင်းအနေဖြင့် (၁၁)ကေဗွီလိုင်း (၁၅)မိုင်၊ (၄၀၀)ဗို့လိုင်း(၂၀)မိုင်၊ သွယ်တန်းထားရှိကာ ကျေးရွာ(၄)ရွာ၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်နှင့် ကျွန်းစုမြို့ပေါ် ရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။ 


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွန်းစုမြို့ ကျွန်းရတနာခန်းမတွင် ကျွန်းစုမြို့နယ် အတွင်းရှိ ဆလုံတိုင်းရင်းသားများအား တွေ့ဆုံ၍ ဆလုံတိုင်းရင်းသားများအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ဆလုံတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် နှစ်စဉ်ခွင့်ပြုငွေ ကျပ်သန်း(၁၀၀)ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆလုံတိုင်းရင်းသားများအား သစ်ထွင်းလှေ၊ ဖိုင်ဘာလှေ၊ ကင်းမွန်မျှား၊ (၃)လက်မခွဲကဏန်းပိုက်၊ ဆန်၊ ဆီများကို ထောက်ပံ့ပေးသည့်အပြင် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း အမှာစကား ပြောကြားသည်။


ထို့နောက် ကျွန်းစုမြို့နယ်အတွင်းရှိ ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ တာလပိုင်းကျေးရွာအုပ်စု၊ ရေမြစ်ကြီး ကျေးရွာအုပ်စုရှိ ဆလုံတိုင်းရင်းသားများအား ဆန်(၁၂)ပြည်အိတ် (၈၇၉)အိတ်၊ ဆီ(၅)ပိဿာ ဆီပုံး (၂၉၃)ပုံးအား ဝန်ကြီးချုပ် က ထောက်ပံ့ပေးအပ်ရာ ဆလုံတိုင်းရင်းသားများ ကိုယ်စား ဆလုံစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးငွေဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွန်းစုမြို့ ပြည်သူဝန်ဆောင်မှုရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက Biometric အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများအား စာရင်းကောက်ယူ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ကျွန်းစုမြို့နယ်၌ Biometric Data များ စာရင်းကောက်ယူ ဆောင်ရွက်ပြီးစီးသည့် တစ်ဦးချင်းစီအား  QR Code ပါသည့်  Unique ID နံပါတ် စာရွက် ပြန်လည်ထုတ်ပေးခဲ့ရာ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်(၉၁၅)ဦးကို စာရင်းကောက်ယူဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)