ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး



MNP ၊ ဇူလိုင် ၂၆      

ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးများသည် အိမ်၏ပဲ့ကိုင်ရှင်များ ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အင်အားစုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးများဘဝ မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများက နည်းပညာနှင့် နည်းစနစ်များကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ရာ အမျိုးသမီးလုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းလိုအပ်သည့် စိန်ခေါ်မှုများ၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ သို့မှသာ ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသ ၏လိုအပ်ချက်များနှင့် နိုင်ငံတော်မှ ပေးအပ်နေသော အခွင့်အလမ်းများ၊ ဝန်ဆောင်မှုများကို ရရှိစေမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။


ထို့နောက် ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်ဆောင်ရွက်နိုင်မှု၏ အကျိုးရလာဒ်များနှင့် ယနေ့ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ကြမည့် ဒေသအသီးသီးမှ အမျိုးသမီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃)ကို ဇူလိုင် ၂၆ ရက် မှ ၂၉ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ အမျိုးသမီးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသမီးများအား မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ အလိုက် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာ၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ မူဝါဒနှင့် ရည်မှန်းချက်များကို သိရှိနားလည်စေရေး ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၂၅ ရက် ညနေပိုင်းက ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် တောင်သူများကိုယ်တိုင် စီမံခန့်ခွဲမှုဖြင့်  ရေအသုံးချနိုင်ရေး စက်ရေတွင်းများမှတစ်ဆင့် ဆိုလာရေတင်စက်ဖြင့် လည်းကောင်း၊ အင်ဂျန်းခချောင်းရေမှ တစ်ဆင့်ရေတင်စက်ဖြင့်လည်းကောင်း လယ်မြေများအတွင်း အလှည့်ကျ ရေပေးဝေခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အတူ မြစ်ကြီးနား မြို့သန့်ရှင်းသာယာလှပရေးနှင့် လူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍  မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် လဝကရုံးသွားလမ်း၌လည်းကောင်း၊ ရုံးကြီးလမ်းနှင့်ဆွမ်ပရာဘွမ်လမ်းဆုံမှ ပြည်နယ်အရန် ရဲတပ်ဖွဲ့ရုံးအထိ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် လမ်းဘေး ဝဲ/ယာများတွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ပလပ်စတစ်အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)