မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ






MNP ၊ ဇူလိုင် ၂၅      

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ် ဆေးဝါး အမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍  ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်အတွက် ရည်ရွယ်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုနှင့် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ လမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ခဲ့သည်။


“ ယနေ့အချိန်မှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ အဓိကကတော့ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့အတွက် ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ကျွန်တော်တို့ အသင်းမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှု ခံယူနေသည့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား မူးယစ် ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့အတွက် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတွေကို ဖိတ်ကြားပြီး လာရောက်ဟောပြောစေခြင်းဖြစ်ပါတယ် ” ဟု မူးယစ်ဆေးစွဲ သူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပြောသည်။ 


အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်က မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ ကွမ်းစားခြင်းနှင့် ဆေးလိပ် သောက်ခြင်းမှ ဖြစ်တတ်သော ကျန်းမာရေးဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း မူးယစ်ဆေးဖြတ်လူနာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ စသည်ဖြင့်  လူငယ်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အကျယ်တဝင့် အသိ ပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။


အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်းနှင့်  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၃-ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ မူးယစ်ဆေးစွဲလူနာပေါင်း (၈၀)ဦးကျော်ကို မူးယစ်ဆေးဖြတ်နိုင်ရေး စီစဉ်ပေးနိုင်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၄၄)ဦးကို စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)