အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ



MNP ၊ ဇူလိုင် ၂၅

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒအမှူးပြုသော သင်ကြား ဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘွဲ့ရပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲ့ရသင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ သာရဏီယ အဖွင့်သြဝါဒကထာကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော်ဒေါက်တာဘဒ္ဒန္တ နောဓိဉာဏက ဖတ်ကြားတော်မူသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်း အနားတွင် (၂၀၂၂ - ၂၀၂၃) ပညာ သင်နှစ်အတွက်ပါရဂူဘွဲ့ (ဗုဒ္ဓဓမ္မ) ငါး ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) လေး ပါး/ဦး၊ ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) ၃၇ ပါး/ဦး၊ ဘွဲ့ရပုဂ္ဂိုလ် စုစုပေါင်း ၄၆ ပါး/ဦးကို သက်ဆိုင်ရာဘွဲ့များ ပေးအပ်မည်ဖြစ်ကြောင်းသိရ၍ ဗုဒ္ဓ၏တရားတော်များကို လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသားများ၏ အောင်မြင်မှုကို လှိုက်လှဲစွာဂုဏ်ယူပါကြောင်း၊ ထို့ပြင် ဤတက္ကသိုလ်ဆင်း ပြည်ပရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များကို ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ သာသနာရေးဗျူရိုဌာနများနှင့် ယင်းနိုင်ငံများရှိ ဗုဒ္ဓ ဘာသာ တက္ကသိုလ်များတွင် အဆင့်မြင့်ရာထူးများ ခန့်အပ် တာဝန်ပေးခြင်းခံရသည်ဟုသိရသည့်အတွက် လွန်စွာကျေနပ် အားရမိပါကြောင်း၊ ဤတက္ကသိုလ်မှသင်ကြားဆရာတော်ကြီးများ အနေဖြင့်လည်း သင်တန်းသားများအား အရည်အချင်းပြည့်ဝစေရန်နှင့် ၎င်းတို့ကို ဓမ္မလက်ဆောင်သင်ကြား ဖြန့်ဝေပေးခြင်းဖြင့် ကမ္ဘာသူကမ္ဘာသားတို့၏ ကောင်းကျိုးများရရှိစေရန်အတွက် ကြိုးပမ်းနေကြကြောင်းသိရသဖြင့် သင်ကြားဆရာတော်များနှင့် သင်တန်းသားများအားလုံးအတွက် အထူးဂုဏ်ယူဝမ်းမြောက် ရပါကြောင်း လျှောက်ထားသည်။

ယင်းနောက် ပါမောက္ခချုပ် ဆရာတော်ကဘွဲ့ရကျောင်းသား များကို တက္ကသိုလ်အဓိဋ္ဌာန် အမေး/ အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း/ပြည်ပ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၄၆ ပါး/ ဦးတို့ကို ဘွဲ့နှင့်အဆောင် အယောင်များ ချီးမြှင့်အပ်နှင်း တော်မူသည်။

ဆက်လက်၍ ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓ ဓမ္မ) တန်းမှ ပညာရည်ချွန်ထူးချွန်ဆုရရှိသော (Gold Medallist) ထူးချွန်ရွှေတံဆိပ်ဆုရှင် မြန်မာရဟန်းတော် ဘဒ္ဒန္တပညာဝရအား တက္ကသိုလ်က ချီးမြှင့်သည့် တစ်ကျပ်သား ရွှေစင်ရွှေပြားကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်လှူဒါန်းချီးမြှင့်သည်။

ထို့နောက် ပါမောက္ခချုပ် ဆရာတော်က “ဘွဲ့မှတ်တမ်း မော်ကွန်းစာအုပ်” တွင် လက်မှတ် ရေးထိုးတော်မူပြီး ဘွဲ့ရကျောင်းသားများကို သြဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူသည်။

အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှရဟန်းသံဃာ တော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်သင်ကြားလျက်ရှိကာ ယနေ့အချိန်အထိ တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့သော ပြည်တွင်း ပြည်ပသင်တန်းသား များမှ ပါရဂူဘွဲ့ရရှိသူ ၄၅ ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၂၃၃ ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ ၈၄၁ ပါး/ဦး၊ ဒီပလို မာ အောင်လက်မှတ်ရရှိသူ ၁၂၇၆ ပါး/ဦး စုစုပေါင်း ၂၃၉၅ ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည် တွင်း/ပြည်ပ သင်တန်းသားစုစုပေါင်း ၃၁၁ ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

မြန်မာနိုင်ငံ၌ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာကို ပြည်တွင်း ၌သာမက ပြည်ပမှပါ မည်သူမဆို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်စေရန် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးကို ဖွင့်လှစ်ခဲ့ပြီးဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာနှင့် ပါဠိဘာသာရပ်များအပြင် သမထနှင့် ဝိပဿနာဟူသောဗုဒ္ဓဓမ္မကိုပါ လက်တွေ့ကျကျအထူးတာဝန်ယူ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)