ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များကို နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များကို နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်


MNP ၊ ဇူလိုင် ၂၅

ကျန်းမာရေးဝန်ကြီးဌာနတွင် ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ Stadium (B)၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေး မှူးများ၊ ဆေးရုံအုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သင်ကာလ ပြီးမြောက်ခဲ့သည့် ဆရာဝန် (သစ်လွင်) ၃၂၆ ဦးနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) ၆၅ ဦးတို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ အရည် အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီစေရေးအတွက် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်ပိုမို၍ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ ဆေးရုံ/ ဆေးခန်း အဆောက်အအုံများ၊ ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာစက်ကိရိယာများ ပြည့်စုံရန် လိုအပ်သကဲ့သို့ အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် လုံလောက်စွာရှိရမည်ဖြစ်ကြောင်း ဆရာဝန်(သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် မိမိတို့အနေဖြင့် မည်သည့်ဒေသက လာရောက်သည်ဖြစ်စေ တာဝန်ကျရာဒေသအတွင်းတွင် နေထိုင်သည့်  ပြည်သူများအပေါ် တစ်သွေးတည်း တစ်သားတည်း၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ သဘောထား၍ ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေး ပြည့်ဝစွာပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းဘွဲ့လွန် ဒီပလိုမာသင်တန်းများ၊ မဟာသိပ္ပံသင်တန်းများနှင့် ပါရဂူသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာ စာမေးပွဲများဖြစ်သည့် MRCP၊ MRCS၊ MRCOG စသည်တို့ ဖြေဆိုနိုင်ရေး အပါအဝင် ပြည်ပဘွဲ့လွန်သင်တန်းများကိုလည်း ခွင့်ပြုစေလွှတ်ပေးလျက်ရှိပြီး ပညာရပ်နယ်ပယ် အသီးသီးတွင် အရည်အသွေးမြင့်မားသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ အလုံအလောက် လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ အားကိုးအားထားပြုရသည့် ထူးချွန်အောင်မြင်သော ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး ဆေးပညာရှင် များ၏ ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော ဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များဖြစ်ကြစေရန် ဆုမွန် ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေး တက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ဆေးတက္ကသိုလ်(မကွေး)တို့ရှိ ဆရာဝန်(သစ်လွင်) များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)တို့ရှိ သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များကို နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိများအဖြစ်တာဝန်ပေးအပ်သည့် အမိန့်ကြော်ငြာစာများ ပေးအပ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)