မောက်မယ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ




MNP ၊   ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး၊ သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည်တံ့ရေး၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ  ယမန်နေ့နံနက်၉နာရီက ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလင်မုတ်ကျေးရွာစိုက်ခင်း၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကိုကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မိုးနဲမြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကျော်အောင်က မိုးရာသီသစ်ပင် စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျော့ချနိုင်စေရန်၊ ဂေဟစနစ်ဖွံ့ဖြိုးခိုင်မာစေရေး အတွက်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအမ်ခေါဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးစိုးညွန့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဇော် တို့က သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များအသီးသီးပေးအပ်ကာ မြို့နယ်သစ်တောတာဝန်ခံ တောအုပ်ဦးဇော်ညိုက သစ်ပင်စိုက်ပျိုးရမည့် နည်းလမ်းများအားရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံကျေးရွာသူကျေးရွာသားများက သတ်မှတ်နေရာအသီးသီးတွင်သစ်ပင်များစိုက်ပျိုးကြသည်။  အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်တွင် ကျွန်း(၁၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ လျှော်ဖြူ (၅၀)ပင်၊ ရေမနေ(၅၀)ပင်၊ စုစုပေါင်း( ၄၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။  


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)