တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာမဟုတ်ဘူး ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာမဟုတ်ဘူး ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP ၊ ဇူလိုင် ၂၅

မြန်မာငွေကျပ်နှစ်သောင်းတန်အသစ် ရိုက်နှိပ်ထုတ်ဝေမှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာမဟုတ်ပါဘူး ဟု ထည့်သွင်းဖြေကြားသွားသည်။

ယမန်နေ့ (၂၄-၇-၂၀၂၃) ရက်နေ့က ငွေကျပ်နှစ်သောင်းတန် ရိုက်နှိပ်ထုတ်ဝေလိုက်တဲ့အတွက် လတ်တလောမှာ နိုင်ငံခြားငွေဈေး၊ ရွှေဈေးတွေအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် ပြည်သူတွေကစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိသော အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇောင်မင်းထွန်းအား ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ဖြေကြားချက်တွင် "နံပါတ် (၁) အချက်အနေနဲ့သိထားရမှာက ဒီငွေစက္ကူအသစ် ငွေကျပ်နှစ်သောင်းတန်က အလုံးအရင်းနဲ့ထုတ်တဲ့ ပိုက်ဆံမဟုတ်ဘူး။ အထိမ်းအမှတ်အနေနဲ့ထုတ်လိုက်တဲ့ ငွေစက္ကူပဲဖြစ်တယ်။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအထိမ်းအမှတ်အနေနဲ့ထုတ်တဲ့ ငွေစက္ကူတွေရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ငွေစက္ကူကို အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမယ့် (၇၅)နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့တုန်းကတော့ အထိမ်းအမှတ်အနေနဲ့ရွှေဒင်္ဂါးပြားတွေ ထုတ်ဝေခဲ့တာရှိပါတယ်။ အဲဒီအချိန်တုန်း ကလည်း သတ်မှတ်ထားတဲ့ ငွေကြေးပမာဏပေးပြီး ဝယ်လို့ရတယ် ဆိုပေမယ့် များများစားစားဝယ်လို့ရတာမဟုတ်ပါဘူး။ အခုကိစ္စ မှာလည်း ဒီလိုပါပဲ။ ကျွန်တော်ပြောချင်တဲ့ နောက်တစ်ချက်ကဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။ ဒီငွေစက္ကူကျပ် နှစ်သောင်းတန်အသစ်က အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တဲ့အတွက် အဲဒီပိုက်ဆံနဲ့ တန်ဖိုးတူညီတဲ့ ငွေပမာဏကိုဘဏ်ကို သွားသွင်းမှ ငွေစက္ကူကျပ်နှစ်သောင်းတန်အသစ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီလို ထုတ်ပေးတဲ့နေရာမှာလည်း အကန့်အသတ်ရှိပါတယ်။ ဘဏ်ကိုသွားပြီး အခုထုတ်လိုက်တဲ့ ငွေစက္ကူကျပ် နှစ်သောင်းတန်အသစ် သိန်းတစ်ရာလိုချင်လို့ဆိုပြီး ကိုယ့်ရဲ့ငွေစက္ကူအဟောင်း သိန်းတစ်ရာနဲ့ သွားပြီးလဲရင်လည်း သိန်းတစ်ရာ ထုတ်မပေးနိုင်ပါဘူး။ တစ်ဦးကို သုံးရွက်ပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသုံးရွက်ကိုလည်း အလကားထုတ်ပေးမှာ မဟုတ် ပါဘူး။ မြန်မာစကားပုံနဲ့ အားလုံးနားလည်အောင် လွယ်လွယ်ပြောရမယ်ဆိုရင် ဆန်ပေးမှ ဆီရမယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒီငွေစက္ကူတွေကိုလည်း ငွေစက္ကူအဟောင်းနဲ့ လဲလှယ်နိုင်အောင် လုပ်တာ ဖြစ်ပါတယ်။ လာရောက်လဲလှယ်တဲ့ ငွေစက္ကူအဟောင်း တွေကိုလည်း ဗဟိုဘဏ်က အကုန်လုံး ဖျက်ဆီးပစ်လိုက်မှာဖြစ် ပါတယ်။" ဟု ရှင်းလင်းဖြေကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်တွင် ငွေရေးကြေးရေး ဈေးကွက်ထဲမှာဒီငွေစက္ကူငွေကျပ် နှစ်သောင်းတန်အသစ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ဆိုတဲ့ ကိစ္စကလုံးဝလည်း မဖြစ်နိုင်ကြောင်း၊ ဖြစ်လည်းမဖြစ်ပါဘူးလို့ အာမခံပါကြောင်း၊ ဒါကြောင့် ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါကြောင်း၊ မတည်ငြိမ်အောင် ကောလာဟလတွေ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း၊ နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆ မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အာမခံ ပြီးဖြစ်ပါကြောင်း၊ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လက်ခံထားတဲ့ အစိုးရဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၆ (ဃ) မှာပါတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်း များကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု ဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၆(စ) မှာပါတဲ့ တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ အချက်တွေနဲ့ အာမခံပြီးဖြစ်ကြောင်း၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယခင်က တရားဝင်ထုတ်ဝေထားပြီး တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာမဟုတ်ကြောင်း ရှင်းလင်း ဖြေကြားသွားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "နောက်ဆုံးအနေနဲ့ အသိပေးပြောကြားလိုတာကတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေကို ကောလာဟလတွေထုတ်လွှင့်ဖို့အတွက် အချိန်ကိုက် ဆောင်ရွက်နေကြတာဖြစ်တယ်။ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီအခြေအနေတွေကို ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို အသိပေးပြောကြားလိုတာ ကတော့ ပြည်သူလူထုအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ မိမိတို့ရဲ့ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြောင်း ကျွန်တော်တို့အနေနဲ့ အာမခံပါတယ်လို့ ပြောချင်ပါတယ်။" ဟု မေးမြန်းမှုအပေါ် ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)