MNP ၊ ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ တောင်တန်းသာသနာပြုကျောင်း ကျောင်းဆောင်သစ် အပ်နှင်းပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီတွင် အဆိုပါ သီတာရုံကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက မြစ်ကြီးနားမြို့၊ ခေမာသီဝံပရိယတ္တိ စာသင်တိုက် သာသနဓဇဓမ္မာစရိယ (စာချနာယက) ဘဒ္ဒနှတဝဏ္ဏသာရထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် အလှူရှင် ဒါယကာ၊ ဒါယိကာမများမှ ဆရာတော် သံဃာတော် အရှင် သယမြတ်များထံ နဝကမ္မ ဝတ္ထုအလှူငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ဘုရားမှ အလှူမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ပေးကြကြောင်း သိရ သည်။
အဆိုပါ တောင်တန်းသာသနာပြု (ဗဟိုကျောင်း) သီတာရုံကျောင်းဆောင် (၅၃'x၃၀'x၂၄') RC (၂) ထပ်ကျောင်းဆောင် တည်ဆောက်ခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၁၅၂.၀၅၈) ဖြင့် မနောမြေချိုသီရိ ဆောက်လုပ်ရေးကုမ္ပဏီမှ (၂၃-၁-၂၀၂၃) ရက်နေ့တွင် စတင်၍ တာဝန်ယူတည်ဆောက်ခဲ့ရာ (၁၂-၇-၂၀၂၃) ရက်နေ့တွင် ကျောင်းဆောင်သစ်အား တည်ဆောက် ပြီးစီးခဲ့ကြောင်း သိရသည်။
ယော်ကိ
https://t.me/MyanmarNationalPost

No comments:
Post a Comment