ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး









MNP ၊ ဇူလိုင် ၂၁

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲ မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဦးစွာ လှိုင်းဘွဲမြို့၊ (ဃ)ရပ်ကွက်၊ကုန်သည်လမ်းရှိ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ လှိုင်းဘွဲမြို့မဈေးသစ်ဖွင့်ပွဲကို နံနက်(၉)နာရီခန့်က အဆိုပါ ဈေးသစ်တည်နေရာ၌ ကျင်းပရာ ကရင်  ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခင်မူလလှိုင်းဘွဲမြို့မဈေးမှာ နှစ်ကာလကြာမြင့်၍ ခေတ်နှင့် လျော်ညီမှုမရှိခြင်း၊ ဥပဓိရုပ် ဟောင်းနွမ်းလာခြင်း၊ လေဝင်လေထွက်နှင့် အလင်းရောင်ရရှိမှု အားနည်းခြင်း၊ ဈေးအင်္ဂါရပ်နှင့် ညီညွတ်မှု မရှိခြင်းတို့ကြောင့် ဖျက်သိမ်းစေခဲ့ပြီး မြေဧရိယာ( ၁ ဒဿမ ၅၃ ဧက)ပေါ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၈၄၉ ဒဿမ ၄၅ သန်းဖြင့် (၁၁၈ပေ x ၅၂ပေ  x ၁၃ပေ)ရှိ Steel Structure အမျိုးအစား ဈေးရုံကြီး(၃)ရုံ၊ ဈေးခေါင်းရုံးတစ်ရုံး၊ ဂါလံ(၅၀၀၀)ဆံ့ ရေလှောင်ကန်နှင့်ဂါလံ(၁၆၀၀)ဆံ့ အမြင့်တင်ရေစင်တစ်လုံး၊ မြေဖို့ခြင်းလုပ်ငန်း၊ ပျံကျဈေးကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကျောက်ရိုးစီမြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ ဂိတ်တံခါးနှင့် ခြံစည်းရိုးပြုလုပ်ခြင်းလုပ်ငန်း၊ လိုင်စင်ရအသားရောင်းဆိုင်ခန်းများနှင့် ရေဆိုးထုတ်မြောင်းများတို့ကို ထည့်သွင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့တွင် လှိုင်းဘွဲမြို့မ ဈေးသစ်ကြီးကို ဂုဏ်ယူဝမ်းမြောက်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဈေးသစ်ကြီး ရေရှည်တည်တံ့ကောင်းမွန်ရေး သန့်ရှင်းရေး၊ သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တာဝန်ရှိအုပ်ချုပ်သူများမှ ဈေးအင်္ဂါရပ်နှင့်အညီ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဈေးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လှိုင်းဘွဲမြို့မ ဈေးသစ်ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းအား စက်ခလုပ် နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဈေးသစ်ဖွင့်ပွဲသို့တက်ရောက်လာသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူက ဈေးဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့မဈေးသစ်ကြီးအတွင်း ဈေးသူ၊ဈေးသားများ၏ ဒေသထွက်ကုန်များ၊ သားငါးဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုတင်(၅၀)ဆံ့ လှိုင်းဘွဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အဆိုပါဆေးရုံတွင် သင်တန်းတက်ရောက်နေသော အရန်သားဖွားသင်တန်းသူ (၂၀)ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်းအားပေး၍ အဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီး ဒေါက်တာစောငြိမ်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အရန်သားဖွားသင်တန်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကာ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့သော မီးစက်နှင့်မီးစက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁၂ ကတ်အား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။


လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၂)အတွက် ဆောင်ရွက်ရန် လျာထားဦးရေ (၉၈၉၂)ဦးဖြစ်ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အသက်(၁၈)နှစ်ပြည့်မည့်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာ ကွင်းအမှတ်-၁၅၄၅၊ ဒိုင်းပြအောက်ကွင်းရှိ တောင်သူဦးကိုသုန်၏ လယ်(၅)ဧက၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်းသုခမျိုးစေ့ထုတ် စိုက်ခင်း(၅)ဧက စုပေါင်းထွန်ယက်ပွဲနှင့် မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့နှင့်ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝ မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စီးပွားရေး မြှင့်တင်နိုင်ရန်အတွက် အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်ဝသည့်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြဖို့လိုကြောင်း၊ တောင်သူဦးကြီးများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးထုတ်လုပ်တတ်ရန် လိုအပ်သကဲ့သို့ ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေအရ သီးနှံများကို အချိန်မီထွန်ယက်စိုက်ပျိုးနိုင်မှသာ အသီးအပွင့်များကိုခံစားရမည်ဖြစ်ပြီး ဒုတိယသီးနှံစိုက်ပျိုးရန် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးနိုင်မှသာ အထွက်နှုန်းကောင်းမည်ဖြစ်သည့်အတွက် ယနေ့တွင် ဆင်းသုခ မျိုးသန့်စပါးမျိုးများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ထွက်ရှိလာသည့် စပါးများကို သုံးနှစ်ဆက်တိုက်မျိုးအဖြစ် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည်စိုက်ပျိုးရေး သွင်းအားစုများကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး တောင်သူဦးကြီးများအနေဖြင့်လည်း မိမိတို့လယ်ယာမြေများတွင် နေရာလပ်မကျန် စိုက်ပျိုးထုတ်လုပ်ကြရန်၊ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို လုပ်ငန်းအဆင့် တိုင်းလိုက်နာ ကျင့်သုံးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးစပါး ၂၅ တင်း၊ ယူရီးယား ဓာတ်မြေဩဇာ ၂၅ အိတ်နှင့် သဘာဝမြေဩဇာ ၅၀ အိတ်တို့ကို မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂၂) ဘားအံစက်မှုလယ်ယာစခန်းမှ ထွန်စက်ကြီး သုံးစီး၊ ဒေသလက်တွန်းထွန်စက်(၁၀)စီး ဖြင့် ဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ခင်း (၅)ဧကအား စုပေါင်းထွန်ယက်ခြင်း ကွင်းသရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထွန်စက်မောင်းနှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)