ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၊ ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၊ ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ






MNP ၊ ဇူလိုင် ၁၉

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။


ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးဆောင်ရွက်ရာတွင် ဒေသတွင်းစားသုံးမှုကို ဖူလုံအောင်ဆောင်ရွက်၍ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချပြီး သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန်လိုကြောင်း၊ စားရေရိက္ခာ ဖူလုံရန် ဆန်၊ ဆီ၊ ပဲ၊ အသား၊ ငါးတို့မှာ အဓိက လိုအပ်ပြီး ဒေသတွင်း၌ အချို့မှာ ဖူလုံ၍ အချို့မှာ ဖူလုံမှု မရှိသေးကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ရန်လိုပြီး ပြည်နယ်အတွင်း မွေးမြူရေးဇုန်(၇)ခုရှိသော်လည်း မလုံလောက်သေးသည့်အတွက် ဝက်၊ ဆိတ် သီးသန့် မွေးမြူရေးဇုန် ဧက(၁၀၀)ကို ထပ်မံဖော်ထုတ်ပေးသွားမည်ဖြစ်ရာ ထပ်မံတိုးချဲ့မွေးမြူလိုသူများအား လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ဘားအံမွေးမြူရေးဇုန်၌ တစ်ယူနစ် ကောင်ရေ တိုးချဲ့မွေးမြူစေလိုပြီး အသားထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အထွက်နှုန်း တိုးအောင်ဆောင်ရွက်ပြီး စွမ်းအားပြည့် မွေးမြူထုတ်လုပ်ကြဖို့လိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်၊ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် မွေးမြူရေးတောင်သူများက ဇုန်အတွင်း မွေးမြူထားရှိမှု အခြေအနေ၊  ဥနှင့်အသား တိုးတက်ထုတ်လုပ်မှု၊ ဇုန်အတွင်းလမ်းများ ဆောင်ရွက်ပြီးစီးမှု တရိစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများ စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တောင်သူ ဦးအောင်ကျော်သူ၏ ဆိတ်၊သိုး ၁၆၀ ကောင် မွေးမြူရေးခြံ၊ တောင်သူဦးကျော်မြင့်၏ နွား ၄၂ ကောင်မွေးမြူရေးခြံ၊  တောင်သူနန်းခင်မိုးလွင်၏ ဆိတ် ၅၆ ကောင် မွေးမြူရေးခြံတို့၌ တရိစ္ဆာန်များ မွေးမြူထားရှိမှုနှင့် တရိစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။


ဘားအံမွေးမြူရေးဇုန်တွင် ဥစားကြက်(၁၁)ခြံ ကောင်ရေ ၁၅၆၃၆ ကောင်၊ ဒေသကြက်(၁၄)ခြံ ကောင်ရေ ၅၅၁၀ ကောင်၊ ဆိတ်(၆၅)ခြံ ကောင်ရေ ၂၁၈၉ ကောင်၊ နွား(၁၈)ခြံ ကောင်ရေ ၃၀၇ ကောင်၊ သိုး(၁)ခြံ ကောင်ရေ ၁၈ ကောင်တို့ကို လည်ပတ်မွေးမြူလျက်ရှိကာ စွမ်းအားပြည့် မွေးမြူနိုင်ရေးအတွက် တစ်ယူနစ်ကောင်ရေ ထပ်မံတိုးချဲ့မွေးမြူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်း ဓာတ်မြေဩဇာသုံးစွဲခြင်းကို လျော့ချ၍ သဘာဝ မြေဩဇာများကို တွင်ကျယ်စွာ အစားထိုး ပြောင်းလဲသုံးစွဲလာစေရေး ဘားအံမွေးမြူရေး ဇုန်အတွင်း တည်ဆောက်ထားသော ဩဇာမင်းသဘာဝမြေဩဇာစက်ရုံသို့ သွားရောက်ပြီး တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများအား ကုန်ကြမ်းအဖြစ် အသုံးပြု၍ သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


အလားတူ ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ဒုတိယပညာသင်ကာလ) ဘာသာရပ် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။


ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ် သမိုင်းအသင်းနှင့် (ဘူမိဗေဒ၊ သင်္ချာ၊ ဥပဒေပညာ) ညွှန့်ပေါင်း(၃) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘားအံ တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် သမိုင်းအသင်းက ညွှန့်ပေါင်း(၃)အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘူမိဗေဒဌာနပါမောက္ခ (ဌာနမှူး)က ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော သမိုင်းအသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)