ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ







MNP ၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းကစစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။


ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။


ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဘုရားတပည့်တော်တို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ကြီးသည် ဗုဒ္ဓဘာသာသာသနာတော် ထွန်းကားသော နိုင်ငံဖြစ်သည်နှင့်အညီ တန်ဆောင်မုန်းလ၌ ကထိန်သင်္ကန်းလှူဒါန်းခြင်း၊ ဝါဆိုလ၌ ဝါဆိုသင်္ကန်းများ လှူဒါန်းခြင်းအစရှိသော ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာကောင်းများ ရှင်သန်ခိုင်မြဲလျက်ရှိရာ ဝါဆိုလရောက်တိုင်း ဆရာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် အိုအိမ်အဆောက် အအုံများ၊ ဘုရားကျောင်းကန်၊ စေတီပုထိုးများ၊ သာသနိကအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ သို့သော်လည်း မုန်တိုင်းတိုက်ခတ်ပြီးသည်နှင့် တပြိုင်နှင့် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လာရောက်၍ လမ်းညွှန်ချက်များပြုလုပ်ကာ ကယ်ဆယ်ထောက်ပံ့ ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊  ပျက်စီးဆုံးရှုံး သွားသောစစ်တွေမြို့ပေါ်ရှိ ဘုန်တော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းပေါင်း (၃၃၁) ကျောင်း၊ စေတီ၊ သိမ်၊ ဓမ္မာရုံစသော ကျောင်းဆောင်ပေါင်းများစွာကိုလည်း အချိန်မီပြုပြင်နိုင်ရေးအတွက် သွပ်၊ သံ၊ သစ် စ သော ပစ္စည်းများကို လှူဒါန်းပူဇော်နိုင်ခဲ့ကြောင်း၊ အရေးတကြီးလိုအပ်သော ဆွမ်းဆန်တော်၊ သင်္ကန်း၊ ထီးဖိနပ်တို့ကိုလည်း အချိန်နှင့်တပြေးညီထောက်ပံ့လှူဒါန်းနိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ယနေ့ပြုလုပ် သည့် ၁၃၈၅ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ကြွရောက်တော် မူကြသော ဆရာတော်ဘုရားကြီး များနှင့်အတူ ရခိုင်ပြည်နယ်၊ အနယ်နယ်အရပ်ရပ်ရှိ ထေရ်ကြီး၊ ဝါကြီး သံဃာတော်(၁၄၅)ပါးတို့ကိုလည်း ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ပစ္စည်းများအား တစ်ပါးလျှင်ငွေကျပ် သုံးသိန်းငါးသောင်းနှုန်းဖြင့် စုစုပေါင်းဓမ္မဒါနလှူဒါန်းငွေကျပ် ၅၀၇၅၀၀၀၀ အား ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ရေးနှင့် ပရိယတ္တိ၊ ပရိပတ္တိစာပေ ကျမ်းဂန်များ သင်ကြားဆောင်ရွက်လျက်ရှိသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဆက်လက်ပံ့ပိုး လှူဒါန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် သာသနာရေးဆိုင်ရာများ လျောက်ထားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။


အခမ်းအနားအပြီးတွင် ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)