ကရင်ပြည်နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ



MNP ၊ ဇူလိုင် ၁၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကကျသော စိုက်ပျိုးစွမ်းအားဆိုင်ရာလုပ်ငန်းများကို မြှင့်တင်၍ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကရင်ပြည်နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတွင်း စားရေရိက္ခာ ဖူလုံပိုလျှံစေရေး စိုက်ပျိုးစွမ်းအားကို တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးနှင့် စွမ်းအားမြှင့်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းစားသုံးခြင်း၊ သုံးစွဲခြင်းကို ဖူလုံအောင်ဆောင်ရွက်၍ ပိုလျှံသည်များကို ပြည်ပသို့ရောင်းချကာ သွင်းကုန်အစားထိုး စိုက်ပျိုးထုတ်လုပ်ကြဖို့လိုကြောင်း၊ ပြည်နယ်အနေဖြင့် အဓိကသီးနှံ (၁၀) မျိုးတွင် အစေ့ထုတ်ပြောင်းမှလွဲ၍ ကျန်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီခြင်းမရှိသေးသည့်အတွက် ယခုအစည်းအဝေးသို့ တက်ရောက် လာသူများအားလုံးမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ ပြည်နယ်အတွင်း မိုးစပါးဧက လေးသိန်းကျော်စိုက်ပျိုးပြီး အဆိုပါစိုက်ဧကများ၌ နွေစပါး တစ်သိန်းအပါအဝင် အခြားသီးနှံဧကနှစ်သောင်းကျော်သာ စိုက်ပျိုးနိုင်သည့်အတွက် သီးထပ်စိုက်စွမ်းအားကို ပိုမိုတိုးမြှင့်ရန်လိုပြီး အချိန်မီထွန်ယက်စိုက်ပျိုး နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြစေလိုကာ စိုက်ပျိုးရေးကိုအခြေခံသည့် တရိစ္ဆာန်အစာဖြစ်သော ပဲ၊ ပြောင်းတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ ယခုနှစ်မိုးရာသီတွင် မိုးစပါးလျာထားဧကပြည့်မီကျော်လွန်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က စာရင်းဇယားများအရ ဘဏ္ဍာနှစ်အလိုက် သီးနှံတိုးချဲ့စိုက်ပျိုးနိုင်မှု၊ တစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်မီရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနများအလိုက် စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သီးနှံစိုက် စွမ်းအား၊ အဓိကသီးနှံများစိုက်ပျိုးပြီးစီးမှု၊ သီးနှံများ တစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)