စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ ဇူလိုင် ၇

စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ရာသီဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းနှင့် ပန်းနှမ်းသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် စုစုပေါင်းဆီထွက်သီးနှံ ဧက(၈ ဒသမ ၃)သန်းကျော် စိုက်ပျိုးခဲ့ပြီး စားသုံးဆီတန်ချိန် (၆၈၀၀၀၀) ကျော်ထွက်ရှိနိုင်ရန် ခန့်မှန်းထားရှိသဖြင့် ပြည်တွင်းစားသုံးမှုအတွက် လုံလောက်မှုရှိသည်ဟုတွေ့ရှိရပါကြောင်း၊ စိုက်ဧကများအားလုံး၌ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဆိုပါက စားသုံးဆီ တန်ချိန် (၁၃)သိန်းကျော်ထွက် ရှိမည်ဖြစ်သဖြင့် ဆီဖူလုံမှု ပိုမိုလာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့၊ မြေဆီ မြေဩဇာနှင့်သွင်းအားစုများ၊ စိုက်ပျိုးရေသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို တောင်သူများပြည့်စုံစွာ အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးနှင့်ပဲတီစိမ်း စီမံကိန်းလုပ်ငန်းများတွင် ဆောင်ရွက်ခဲ့သည့်သွင်းအားစုပံ့ပိုးသည့်စနစ်ကို ဒေသအလိုက်ဆောင်းနေကြာ ဆောင်းမြေပဲနွေနှမ်းစိုက်တောင်သူများအတွက် လျာထားဆောင်ရွက်ရန် လျာထားပါကြောင်း ပြောကြားသည်။


ထို့နောက် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီ၊ အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဒုတိယအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအပေါ် သုံးသပ်တင်ပြပြီး တွဲဖက်အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က စားသုံးဆီအထောက်အပံ့ ပေးနိုင်မည့် လုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် ထည့်သွင်း၍ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့ကြောင်း၊ ရင်းနှီးမြုပ်နှံမှုအပေါ်ဝင်ငွေခွန် (၃)နှစ်မှ (၇)နှစ်အထိ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှု တိုးတက်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ အလားတူဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကုန်ကြမ်းများရရှိရေးနှင့် တောင်သူများအတွက် မှန်ကန်သောဈေးကွက်များဖော်ဆောင်ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြည်ပစားအုံးဆီတင်သွင်းမှု လျော့ချရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ပေးပြီး မျိုးနှင့်စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုနိုင်ရေးအတွက် အရင်းမပျောက်မတည်ငွေများထူထောင်ပေးခြင်း၊ မြစိမ်းရောင်ဆီထွက်သီးနှံစီမံကိန်း၊ ဆိုလာစွမ်းအင်သုံးစိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ် လမ်းတံတားဖောက်လုပ်ပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သမဝါယမအသင်းစနစ်ဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုများကို ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက လက်ရှိပြည်ပမှ စားသုံးဆီတင်သွင်းရသည့် နိုင်ငံခြားငွေသုံးစွဲရမှုနှင့် ပြည်ပသို့ဆီထွက်သီးနှံတင်ပို့ခြင်းမှ နိုင်ငံခြားငွေရရှိမှု ဟန်ချက်ညီစေရေးဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ပြီး ဆီတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေးအထိ ကြိုးပမ်းရန်လိုအပ်ချက်များ၊ ပြည်တွင်းဆီစက်များ အားလုံး ပြန်လည်လည်ပတ်နိုင်ရေး ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုများ၊ ဈေးကွက်အတွင်းရှိစားသုံးဆီများ အစားအစာဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်သော ပြည်တွင်းဆီထုတ်လုပ်မှုဖွံ့ဖြိုးလာရေးအတွက် အဆင့်မြင့်ဆီစက်များနှင့် ဆီသန့်စင်စက်လုပ်ငန်းများတွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုတိုးတက်ရေး အားပေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံစိုက်ပျိုးရေးတွင် သွင်းအားစုထောက်ပံ့ပေးနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အစည်းအဝေးတက်ရောက်လာကြသူများက ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ ရေရရှိရေးနှင့်မြေယာ ပြုပြင်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့ သွင်းအားစုရောင်းချသူအစုအဖွဲ့နှင့် တောင်သူအစုအဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက် ခြင်းနှင့် ဘဏ္ဍာရန်ပုံငွေ စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးကြသည်။


“စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ” အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနစ် ဆောင်းနေကြာစိုက်ပျိုးရာသီတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထိရောက်မြန်ဆန်စွာ သုံးစွဲနိုင်ရန်ငွေသားထုတ်ပေးခြင်း မပြုဘဲသွင်းအားစု ပံ့ပိုးသည့်စနစ်ကျင့်သုံးခြင်းနှင့် တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များ၏တာဝန်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မည့်စနစ်ကို ကျင့်သုံးသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)