၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြိုင်ဘက်တိုင်းကို အလေးထား ယှဉ်ပြိုင်သွားမှာပါ ဟု မြန်မာအသင်းနည်းပြချုပ် ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြိုင်ဘက်တိုင်းကို အလေးထား ယှဉ်ပြိုင်သွားမှာပါ ဟု မြန်မာအသင်းနည်းပြချုပ် ပြော





MNP ၊ ဇူလိုင် ၅

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက Gelora Sriwijaya Jakabaring ကွင်း သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းနှင့် ထိုင်း၊ ဖိလစ်ပိုင် အမျိုးသမီး ယူ-၁၉ အသင်းတို့မှ နည်းပြများ တက်ရောက်ခဲ့ကြသည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက "ခက်ခဲ့တဲ့ အုပ်စုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းအတွက် ကံကောင်းတာက ထိုင်းနဲ့ ဖိလစ်ပိုင်တို့ ကစားကြမယ့်ပွဲကို အရင်ကြည့်ခွင့်ရပြီး ပြင်ဆင်ခွင့်ရတာပါ။ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြိုင်ဘက်တိုင်းကို အလေးထား ယှဉ်ပြိုင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့သည် ဇူလိုင် ၆ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉  အသင်းသည် ဇူလိုင် ၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ဇူလိုင် ၁၀ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းအသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲကို အုပ်စု သုံးခု ခွဲထားပြီး အုပ်စု သုံးခုမှ အုပ်စု ပထမရ သုံးသင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ တစ်သင်း၊ စုစုပေါင်း လေးသင်းမှာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၃ တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနှင့် အုပ်စု (ဂ) ပထမ၊ အုပ်စု (က) ပထမနှင့် အကောင်းဆုံး အုပ်စုဒုတိယ အသင်းတို့ ကစားကြရမည်ဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၅ တွင် ကျင်းပမည်ဖြစ်သည်။

အုပ်စု မဲခွဲမှုအရ အုပ်စု (က) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ကျရောက်နေပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အသင်းတို့ ကျရောက်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)