တရားမဝင် ကုန်သွယ်မှုများသည် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများလည်း ရှိနေကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် ကုန်သွယ်မှုများသည် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများလည်း ရှိနေကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား


MNP ၊ ဇူလိုင် ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၄/၂၀၂၃) ကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က တရားမဝင် ကုန်သွယ်မှုများသည် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေး ဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများလည်း ရှိနေကြောင်း ထည့်သွင်းပြောကြားသွားသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၀)ကြိမ်မြောက်ဖြစ်ပြီး ယခင်အစည်းအဝေး(၉)ကြိမ်၌ ဆုံးဖြတ်ချက် (၃၁၁)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖမ်းဆီးရမိအနေဖြင့်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုတွဲ(၇၀၁၁)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၁၂၇.၀၅၄) ဘီလီယံဖြစ်ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက် ဖမ်းဆီးနိုင်ခဲ့ကြောင်း။

သို့သော် တရားမဝင်ကုန်သွယ်မှုများသည် လျော့နည်းကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေကြကြောင်းကို ကြားသိနေရကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စာရင်းတွင် ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၉၃၂) ဘီလီယံဖြစ်ပြီး မိမိတို့ဘက်က စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁.၂၉၃)ဘီလီယံဖြစ်၍ အမေရိကန်ဒေါ်လာ(၁.၆၃၉)ဘီလီယံ ကွာခြားနေသည့်အတွက် ၎င်းသည် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများ ဖြစ်သည်ဟု သုံးသပ်ရကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့ နိုင်ငံ့စီးပွားရေးအပေါ် ထိုးနှက်ချက်များပင်ဖြစ်ကြောင်း”ဟု ပြောကြား ခဲ့ကြောင်း။ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သယံဇာတများကို တရားမဝင် တူးဖော်သည့် ဘက်ဟိုးယန္တရား(၅၇)စီး၊ ခန့်မှန်းတန်ဖိုးကျပ်(၄.၅၃၁)ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ(၁၄၆၂)မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၄.၄၂၁) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု စုစုပေါင်း၏(၃.၄၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်ကြောင်း။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

တရားမဝင် ကုန်သွယ်မှုများသည် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေး ဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများလည်း ရှိနေကြောင်းကို ဖမ်းဆီးရမိ စစ်ကြောချက်များအရ သိရှိရကြောင်း၊ အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် OSS ဌာနဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးချုပ်များအနေဖြင့် မိမိတို့ တာဝန်ယူရသည့် စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင်လာဘ်ပေးလာဘ်ယူမှုများမရှိအောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်းနှင့် ပြည်ထောင်စု အဆင့်က ဝင်ရောက်စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့လျှင် သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းများအပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိထိရောက်ရောက် အရေးယူသွားမ ည်ဖြစ်ကြောင်း။

၂၀၂၃ ခုနှစ်၊ ဇွန်လ၏ ဖမ်းဆီးရမိမှုကို သုံးသပ်ရလျှင် ယခင်လထက် ဖမ်းဆီးရမိမှုများသော်လည်း ကုန်ပစ္စည်းအုပ်စုအလိုက် သုံးသပ်ချက်အရ ဖမ်းဆီးရမိမှု လချုပ် ခန့်မှန်းတန်ဖိုးကျပ် (၁၁.၈၁၆)ဘီလီယံသည် မော်တော်ယာဉ်အုပ်စုက ကျပ်(၇.၈၂၂)ဘီလီယံဖြစ်ပြီး ယခင်လထက် ကျပ်(၄.၂၅၄)ဘီလီယံ ပိုလာသော်လည်း ကျန်အုပ်စုများဖြစ်သည့် လယ်ယာထွက်ကုန်၊ သစ်မျိုးစုံ၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် တိရစ္ဆာန်အရှင်များမှာ ဖမ်းဆီးရမိမှု လျော့နည်း ကျဆင်းလာသည်ကို တွေ့ရကြောင်း၊ စခန်းအလိုက် ပြန်ကြည့်ပါက ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ အဓိကစစ်ဆေးရေးစခန်းများဖြစ်သည့် မရမ်းချောင်၊ ကော့ကရိတ် တံတားကျိုး၊ မူဆယ်(၁၀၅)မိုင်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများမှာ သိသိသာသာ ဖမ်းဆီးရမိမှု လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရကြောင်း၊ တရားမဝင် ကုန်သွယ်မှုများ ရှိနေသော်လည်း ဖမ်းဆီးရမိမှုလျော့နည်းကျဆင်း ရခြင်းသည် သက်ဆိုင်ရာ အထူးအဖွဲ့များနှင့် တာဝန်ကျဌာနဆိုင်ရာများ၏ တားဆီး စစ်ဆေးမှုများ အားနည်းသည်ဟု သုံးသပ်ရမှာဖြစ်ကြောင်း။

ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်တင်ယာဉ်များ စစ်ဆေးမှု လွယ်ကူ စေရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကုန်တင်လွှာစနစ် စမ်းသပ် အသုံးပြု ခဲ့ကြောင်း၊ စမ်းသပ်ကာလ(၆)လပြည့်ပြီ ဖြစ်သည့်အတွက် ဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ကုန်သည်လုပ်ငန်းရှင်များ ကြုံတွေ့ရသည့် အခက်အခဲ များကို မေးမြန်းပြီး သုံးသပ်တင်ပြပေးရန် လိုကြောင်း၊ သို့မှသာ ၎င်းစနစ်ကို ဆက်လုပ်ရန် သင့်/ မသင့် ဆုံးဖြတ်ပေး၍ရမည် ဖြစ်ကြောင်း။

ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ်ကို အိမ်နီးချင်းနိုင်ငံများတွင် အသုံးပြု နေကြသည်မှာ ကြာပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း E-Lock စနစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ကြရန် တွန်းအားပေး ပြောကြားလို ကြောင်း။ ပို့ကုန် ကုန်တင်ယာဉ်များကို စစ်ဆေးရာတွင် လွယ်ကူ လျင်မြန်စေရန် QR ကုဒ် စနစ်နှင့် စစ်ဆေးနေကြောင်း။ QR ကုဒ်တွင် ပါသည့် ပို့ကုန် အမျိုးအစား၊ တန်ချိန်နှင့် ကုန်တင်ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးအစား၊ တန်ချိန် ကိုက်ညီရန် လိုကြောင်းကိုလည်း စစ်ဆေးသည့် ဝန်ထမ်းများက အထူးဂရုပြု စစ်ဆေးရန် မှာကြားလိုကြောင်း။

ကုန်ပစ္စည်းများစစ်ဆေးရာတွင် Manual စစ်ဆေးခြင်းထက် ICT နည်းပညာ အသုံးပြုသည့်နည်းလမ်း၊ X-ray စက်များနှင့် ရှာဖွေစစ်ဆေးနိုင်လျှင် အချိန်ကုန် သက်သာပြီး တွေ့ရှိ ဖမ်းဆီးမှု ပိုတက်လာနိုင်သလို ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးကိုလည်း အထောက်အကူပြုမည်ဖြစ်သည့်အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှာ အသုံးပြုနေသည့် ရှာဖွေတားဆီးစစ်ဆေးခြင်း စနစ်များကိုလည်း လေ့လာပြီး စီမံဆောင်ရွက်ထား သင့်ပါကြောင်းနှင့် ယခုစစ်ဆေး မှုပုံစံထက် ပိုမိုခေတ်မီစနစ်ကျသည့် အစီအမံရှိပါကလည်း တင်ပြရန်လိုကြောင်း။

ကုန်သွယ်မှုလုပ်ငန်းများတွင် Online စနစ်များဖြစ်သည့် အကောက်ခွန် ဦးစီးဌာနမှ သွင်းကုန်၊ ပို့ကုန်ကြေညာလွှာ ထုတ်ပေးရာတွင် အသုံးပြုနေသည့် MACCS စနစ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန် သွင်းကုန် လိုင်စင်ထုတ်ပေးရာတွင် အသုံးပြု နေသည့် Myanmar Tradenet 2.0 စနစ်၊ တစ်ဘက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်ရာ အသုံးပြုသည့် MyCo စနစ်များကို အသုံးပြု ဆောင်ရွက်ခြင်းသည် အင်မတန်ကောင်းမွန်သည့် စနစ်များဖြစ်ကြောင်း။ သို့သော် မည်သည့်စနစ်တွင်မဆို အလုံးစုံပြီးပြည့်စုံသည်ဟု မရှိကြောင်း၊ စနစ် အသုံးပြုရာ တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်များကို အမြဲမပြတ်စောင့်ကြည့်သုံးသပ်ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း။ အချို့ခေတ်မီ သည့် နိုင်ငံများတွင် နည်းစနစ်များ၏ ကောင်းမွန်မှုများကြောင့် ဝန်ထမ်းအင်အား အနည်းငယ်ကိုသာ အသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရာတွင် မည်သို့သော စိန်ခေါ်မှုများ ရှိနေပါစေ အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ တားဆီးစစ်ဆေးမှုအပြင် သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပြည်တွင်းက သယံဇာတ ပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုကိုလည်း ထိထိရောက်ရောက် တားဆီးစစ်ဆေးအရေးယူကြရန်လိုကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် ဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ် များနှင့် အချိန်ကြန့်ကြာမှုများမရှိစေရေး အထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား လိုကြောင်း။

ကုန်တင်လွှာစနစ် ဆောင်ရွက်မှု သုံးသပ်တင်ပြရန်လိုကြောင်းနှင့် E-Lock စနစ် ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေ သည့် နည်းပညာပိုင်းဆိုင်ရာစနစ်များကို အမြဲမပြတ် စောင့်ကြည့်သုံးသပ် ပြင်ဆင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းအင်အားအသုံးပြု လုပ်ငန်းဆောင်ရွက်ရသည့် နေရာတွင် ခေတ်မီနည်းစနစ်နှင့် အစားထိုးနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် အထူး အဖွဲ့များနှင့် One Stop Service ဌာနဆိုင်ရာများ အပြန်အလှန် ပူးပေါင်းဆောင်ရွက် သွားကြရန် လိုကြောင်းဖြင့်ပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)