လုပ်ငန်းရှင်များမှ Gasifier များ ပိုမိုသုံးစွဲလာခြင်းဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားပေးစနစ် (National Grid) မှ ဓာတ်အားရယူသုံးစွဲမှု လျော့နည်းလာခြင်းကြောင့် အများပြည်သူ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရသည့် အားသာချက်များစွာရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုပ်ငန်းရှင်များမှ Gasifier များ ပိုမိုသုံးစွဲလာခြင်းဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားပေးစနစ် (National Grid) မှ ဓာတ်အားရယူသုံးစွဲမှု လျော့နည်းလာခြင်းကြောင့် အများပြည်သူ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရသည့် အားသာချက်များစွာရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား



MNP ၊ ဇူလိုင် ၃၁

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ၂၉-၇-၂၀၂၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ စပါးခွံလောင်စာသုံး Gasifier အသုံးပြုလည်ပတ်သည့် ရဲထွန်းဆန်စက်နှင့် ဆီစက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်၊ ဓာတ်အားရရှိသုံးစွဲနေမှု၊ စပါးခွံလောင်စာသုံး Gasifier များအသုံးပြုခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားသာချက်/ အားနည်းချက်များ၊ စပါးခွံလောင်စာသုံး Gasifier စတင်သုံးစွဲနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်ဆင့်စီမံ ဆောင်ရွက်ခဲ့မှု၊ စပါးခွံကုန်ကြမ်းများ ရရှိသုံးစွဲမှု၊ စပါးခွံလောင်စာသုံး Gasifier မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး Gasifier အသုံးပြုခြင်းကြောင့် ကုန်ထုတ်လုပ်မှု စရိတ်များလျှော့ချနိုင်မှုနှင့် ပြည်တွင်း၌သုံးစွဲနေသည့် စပါးခွံ လောင်စာသုံး Gasifier များ၏ စစ်ဆေးတွေ့ရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့် အချိန်များတွင် ဒီဇယ်ဓာတ်အားပေးစက်များ အသုံးပြုလည်ပတ်ခြင်းသည် Gasifier အသုံးပြု၍ လည်ပတ်ခြင်းထက် ကုန်ကျစရိတ်ပိုမိုကြောင်း၊ Gasifier များ အကူအညီဖြင့် စက်များ အချိန် ပြည့်လည်ပတ်နိုင်ခြင်းကြောင့် ဈေးကွက်၏လိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း နိုင်သည့်အတွက် ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ စပါးကုန်ကြမ်းများကြိုတင်စုဆောင်းရန် မလိုတော့သည့်အတွက် လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ်ငွေပမာဏ လျှော့ချသုံးစွဲနိုင်ကြောင်း၊ လုပ်ငန်းရှင်များမှ Gasifier များ ပိုမိုသုံးစွဲလာခြင်းဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားပေးစနစ် (National Grid) မှ ဓာတ်အားရယူသုံးစွဲမှု လျော့နည်းလာခြင်းကြောင့် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရသည့် အားသာချက်များစွာရှိကြောင်း၊ ထို့ပြင် Gasifier မှ ထွက်ရှိသော စပါးခွံဖွဲပြာသည် စိုက်ပျိုးရေး မြေဩဇာအဖြစ် ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိစေခြင်း၊ ဆန်စက်များမှ ထွက်ရှိသော စပါးခွံများ စွန့်ပစ်ရန်အတွက် နေရာရှာဖွေရခြင်း၊ စွန့်ပစ်စပါးခွံများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပေါ်စေခြင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်ခြင်းများကြောင့် စပါးခွံသုံးစွဲ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းလာခြင်း စသည်တို့အပြင် စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းမှုလျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျခြင်းကြောင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ်ထွန်းစေခြင်း စသည့်အကျိုး ကျေးဇူးများရှိပါကြောင်း။


တစ်ဖက်တွင်လည်း လုပ်သားများ ကျန်းမာရေးမထိခိုက်စေရန်နှင့် ပတ်ဝန်းကျင် (ရေထု၊ လေထု၊ မြေထု) ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ စပါးခွံလောင်စာသုံး Gasifier များ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအတွက် လိုအပ်သော လိုက်နာဆောင်ရွက်ရမည့် လမ်း ညွှန်ချက်(SOP)များကို ဝန်ကြီးဌာနများ စုပေါင်း၍ သတ်မှတ်ပြုစုရေးဆွဲပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် လျက်ရှိသည့် စပါးခွံလောင်စာသုံး Gasifier များသည် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါးခွံလောင်စာသုံး Gasifier ၏ လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စပါးကြိတ်ခွဲနေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)