MNP ၊ သြဂုတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (ARMY-2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security) သို့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ Counsellor ဖြစ်သူ Mr. Pavel KLABUKOV ၊ စစ်သံမှူး Mr. Sergey KURCHENKO နှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ရုရှားတပ်မတော် ပင်မဘုရားကျောင်းကြီးနယ်မြေရှိ Alley of Allies တွင် မြန်မာတို့၏ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒီများကို တွန်းလှန်တိုက်ခိုက်အောင်မြင်ခဲ့မှု အထိမ်းအမှတ်အနေဖြင့် ထုလုပ်ပုံဖော်ထားသည့် ရုပ်တုဖွင့်ပွဲအခမ်းအနားသို့ ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Shoigu နှင့် အတူ တက်ရောက်ခဲ့ရာ ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးမှ အထိမ်းအမှတ် ရုပ်တုဖွင့်လှစ်ရခြင်းအကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းမှလည်း ယခုအထိမ်းအမှတ်ရုပ်တုသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ရည်စူးအောက်မေ့သတိရစေရန်အတွက် ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရုပ်တုဖွင့်ပွဲသည် နှစ်နိုင်ငံတပ်မတော်များအကြား ကာကွယ်ရေးနှင့်ယဉ်ကျေးမှု ကူးလူးဆက်နွယ်မှု၊ သမိုင်းကြောင်းအရဆက်နွယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ညွှန်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးအခြေအနေများသည် မည်သူမျှကြားဝင်ဖျက်ဆီး၍မရနိုင်သလို မိမိတို့နှစ်နိုင်ငံ၏ မဟာဗျူဟာမိတ်ဖက်အနေဖြင့် ဆက်လက်တည်တံ့ခိုင်မြဲနေမယ်လို့ ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ မိမိတို့မြန်မာနိုင်ငံကို အသိအမှတ်ပြုပြီး အထိမ်းအမှတ်ရုပ်တု ပြုလုပ်ပေးခြင်းအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတို့မှ အထိမ်းအမှတ်ရုပ်တုကို ဖွင့်လှစ်ပေးခဲ့သည်။
၎င်းနောက် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(ARMY-2023) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မည့် မျိုးချစ်ပန်းခြံ(Patriot Park)သို့ ရောက်ရှိပြီး အဆိုပါပြပွဲ အခမ်းအနားကျင်းပရာ အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Fomin နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆိုင်ရာနယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာတော်သင် သင်တန်းသားစေလွှတ်မှုဆိုင်ရာ ကိစ္စရပ်တို့အား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတကာ စစ်ဘက်နည်း ပညာဖိုရမ်(ARMY-2023) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး Aquarius IT ဆိုင်ရာကုမ္ပဏီ၊ BSVT စစ်လက်နက်ပစ္စည်းဆိုင်ရာ ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ၁၅-၈-၂၀၂၃ရက်တွင် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security) ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ရာ ဆွေးနွေးပွဲအတွင်း ရုရှားသမ္မတ Vladimir Putin မှ Video Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီး Army General Sergey Shoigu မှလည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေး ဒုတိယပိုင်းဖြစ်သည့် “အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် အရေးပါကြောင်းနှင့် အာရှပစိဖိတ်ဒေသတွင်း ကုန်သွယ်မှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတို့ကို Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ်၂၀ ဦး၊ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင် စုစုပေါင်းအင်အား ၈၀၀ ကျော် တက်ရောက်ခဲ့ပါသည်။
၁၆-၈-၂၀၂၃ ရက်တွင် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (ARMY 2023) ကျင်းပရာ မျိုးချစ်ပန်းခြံ (Patriot Park) အတွင်း ခင်းကျင်းပြသထားသည့် စစ်ဘက်သုံး ယာဉ်/လက်နက်နှင့် အထောက်အကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ပြီး PJSC (UAC)၊ Technodinamika နှင့် Rosobomexport ကုမ္ပဏီတို့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ညနေပိုင်းတွင် မြန်မာစစ်သံရုံးသို့ရောက်ရှိပြီး သံအမတ်ကြီး၊ စစ်သံမှူး(ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး စစ်သံရုံးမိသားစုများအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။
၁၇-၈-၂၀၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်အတွင်းတည်ထားသည့် ရွှေစည်းခုံ(ပုံတူ) စေတီတော်သို့ သွားရောက်ဖူးမြှော်ခဲ့ပြီး နိုင်ငံစုံမှပြသထားသည့် ပြကွက်များအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ ရုရှားတပ်မတော် ပင်မဘုရားကျောင်းကြီး ( Main Cathedral of the Russian Armed Forces)သို့ ရောက်ရှိပြီး ဘုရားကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုခြင်း၊ စစ်ပွဲများတွင် သိမ်းဆည်းရမိခဲ့သည့် ပြည်ပနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုလေ့လာခဲ့ကြပါသည်။
၁၈-၈-၂၀၂၃ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မော်စကိုမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား ဖူးမြှော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#MyanmarNationalPost
No comments:
Post a Comment