ဆွစ်ဇာလန် နိုင်ငံသား၏ ခိုင်းစေမှုဖြင့် သာသနာတော် ထိခိုက်ညှိုးနွမ်းစေရန် ဖန်တီးပုံဖော်၍ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးခဲ့သူများအား ဖမ်းဆီးအရေးယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွစ်ဇာလန် နိုင်ငံသား၏ ခိုင်းစေမှုဖြင့် သာသနာတော် ထိခိုက်ညှိုးနွမ်းစေရန် ဖန်တီးပုံဖော်၍ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးခဲ့သူများအား ဖမ်းဆီးအရေးယူ


MNP ၊ ဩဂုတ်လ ၁၈

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့် သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှ မမျှော်လင့်ပါနဲ့ (Don’t expect anything!)” အမည်ရှိ ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့ရာ အဆိုပါ ဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်းသံဃာတော်များ၏ အကျင့်သီလအား ပုတ်ခတ်စော်ကားသော အပြောအဆိုနှင့်  ရိုင်းပျသည့် စကားလုံးအသုံးအနှုန်းများ ထည့်သွင်းပြောဆိုသွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။  

အဆိုပါ ဇာတ်လမ်းတွင် ပါဝင်ခဲ့သူများအား ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၈ ရက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ) ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန်စသည့် တရားခံ ၁၄ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer သည် “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)” ဇာတ်လမ်းအား ၎င်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည့် စကားလုံးအသုံးအနှုန်းများဖြင့် ဇာတ်ညွှန်းရေးသား၍ ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ကာ ဇူလိုင်လ ၂၄ ရက်တွင် isi Dhamma Youtube Channel မှတစ်ဆင့် လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်သူများ၏ သရုပ်ဆောင်ချက်၊ ပြောကြားချက်၊ စကားလုံးအသုံးအနှုန်း များသည် ဒါရိုက်တာဖြစ်သူ Didier Nusbaumer ကိုယ်တိုင်ရေးသားထားသော ဇာတ်ညွှန်းများအတိုင်း ပြောဆိုခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဇာတ်လမ်း၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များဖြစ်ပါလျက် ကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့် ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိခိုက်ကျဆင်း စေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည့်အပြင် ဇာတ်လမ်းကို ကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကိုထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူများသက်ရောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရ သဖြင့် အထက်ဖော်ပြပါ ဖမ်းဆီးရမိတရားခံများအား တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)