နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တိုင်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားတက်ရောက်ပြီး ဇေယျာသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တိုင်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားတက်ရောက်ပြီး ဇေယျာသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ




MNP ၊  ဩဂုတ်  ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။


အခမ်းအနားကို Grade-9 ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်းသီချင်းဖြင့်” သီဆိုဖွင့်လှစ်သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား ကျောင်းသူများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ပိုမိုသိရှိလာစေရန်နှင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းထူထောင်ရေး လုပ်ငန်းများတွင် ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၏ ပူးပေါင်းပံ့ပိုးမှု ပိုမိုအားကောင်းလာစေရန်၊ သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူများရစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊စာရိတ္တဗလ၊ ဘောဂဗလ အစရှိတဲ့ ဗလငါးတန်နှင့် ပြည်စုံသူတစ်ယောက်ဖြစ်ရေး ကျောင်းကနေစတင်ပြီး လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား လူငယ်များ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားစေဖို့၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့် ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်နှင့် ကျန်းမာပျော်ရွှင်သည့်ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်စေဖို့အတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များအား ချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကိုလည်း ထူထောင်လျက် ရှိကြောင်း၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး ပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်ပြည့်စုံတဲ့ လူငယ်များ မွေးထုတ်နိုင်ဖို့အတွက် ကျောင်းသား၊ကျောင်းသူများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုတို့ပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာရေးဌာနမှ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ပညာရေးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။


ထို့နောက် Grade-5 ကျောင်းသား၊ ကျောင်းသူများက “Go Away Corona” သီချင်းဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အာဟာရအုပ်စုများအကြောင်း၊ ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်း၊ လက်ဆေးခြင်း၊ သွားတိုက်ခြင်း၊ School health record card and eye examination ပြခန်းများ၊ နေပြည်တော်သွားနှင့်ခံတွင်း အထူးကုဆေးရုံကြီးမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးကုသဆောင်ရွက်ပေးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုပြီး  ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံကာ ကျောင်းသား/ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြက်သော၊ လူရည်ချွန်ကောင်းများဖြစ်အောင် ကြိုးစားကြစေရန်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဟူသောဆိုရိုးစကားနှင့်အညီ နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းတာဝန်ယူရမည့် အနာဂတ် မျိုးဆက်သစ်လူငယ်မောင်ငယ်များပင်ဖြစ်၍ တစ်ဦးချင်းစီတိုင်းတွင် အရည်အချင်းပြည့်ဝနေအောင် ကြိုးစားရန်၊ ပညာသင်ကြားရသည့်အရွယ်တွင် ပညာရေးကိုသာ အာရုံစိုက်ပြီး ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားပြီး ကျောင်းသား/ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းနှင့် အာဟာရလက်ဆောင်များ ပေးအပ်သည်။


ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများကို အောင်မြင်အောင် ကြိုးကြိုးစားစား ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရေးနှင့် ဌာနဆိုင်ရာအချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မိမိတို့၏ ဒေသအတွင်းများတွင်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များကိုမှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဆောင်ရွက်နေလျက်ရှိသည့် ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)