နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မုံရွာမြို့နယ်ရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦးအား ချေးငွေကျပ်(၂၇၆၀)သိန်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မုံရွာမြို့နယ်ရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦးအား ချေးငွေကျပ်(၂၇၆၀)သိန်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ





MNP ၊  ဩဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင်နှင့်မုံရွာမြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်အတွင်းရှိ ဥစားကြက် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး မြို့နေပြည်သူများဥစားသုံးမှု ဖူလုံရရှိအောင်ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မုံရွာမြို့အတွင်းရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦးအား ချေးငွေကျပ်(၂၇၆၀)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ဦးစွာ ချေးငွေပေးအပ်ပွဲအခမ်းအနားတွင် မုံရွာခရိုင် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများရရှိသော မုံရွာမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်(၂၉)ဦးအနေဖြင့် မိမိတို့ရရှိထားသော ချေးငွေများအား လုပ်ငန်းခွင်အသီးသီးတွင် သေချာစနစ်တကျ အကျိုးရှိအောင် ရင်းနှီးလုပ်ကိုင်ပေးကြစေလိုကြောင်း၊ လုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ပြီးတော့ မြို့နယ်အတွင်းမှာ နေထိုင်ကြသော ပြည်သူများအား ဥဖူလုံစွာစားသုံးနိုင်ရေးကို အထူးအလေးထားဆောင်ရွက်ကြစေပြီး ဈေးနှုန်းချိုသာစွာရောင်းချပေးနိုင်ရန်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အခုလို ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များသာမက မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ကိုင်နေသော လုပ်ငန်းရှင်များအတွက် အမှန်တကယ် ချေးငွေလိုအပ်ပါက သတ်မှတ်စည်းကမ်းချက်များအတိုင်း ပြည့်စုံမှန်ကန်သူများကို သေချာစွာစိစစ်ပြီး မိမိတို့မှ အမြန်ဆောင်ရွက် ပေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြ၍ တာဝန်ရှိသူများဖြင့် ညှိနှိုင်း‌ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်ပြီး မုံရွာမြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ချေးငွေစည်းကမ်းချက်များအားလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအိအိအောင်က ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပတ်သက်၍လည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များအား ချေးငွေများပေးအပ်ပွဲ ကျင်းပရာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မုံရွာမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦး လက်ဝယ်သို့ စုစုပေါင်းချေးငွေကျပ်(၂၇၆၀)သိန်းကို ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများကို ထုတ်ချေးပေးရခြင်းမှာ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ လူမှုစီးပွားဘဝပိုမိုတိုးတက်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်တို့ ရည်ရွယ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေသက်တမ်းအနေဖြင့် တစ်နှစ်ဖြစ်ပြီး အတိုးနှုန်းထားကို ပြား(၅၀)နှုန်းဖြင့် (၃)လတစ်ကြိမ် ကောက်ခံသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)