MNP ၊ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ရောဂါဘယများ ကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းတဲ့ လူစွမ်းအားအရင်းအမြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ နှင့်မြို့နယ်အတွင်းရှိ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံရာတွင် မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေ့ခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆိုတ်ရောင် (PCV)၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များကို မေ့ခိုင်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မွေးကင်းစ အသက်နှစ်လမှ တစ်နှစ်(၆)လအထိ၊ သတ်မှတ်ရက်ပြည့်သည့် ကလေးငယ်(၃၆၀၇)ဦးတို့ကို အလှည့်ကျပုံမှန်(၅)ကြိမ်အထိ၊ ကျန်းမာရေး သူနာပြုဝန်ထမ်းများက သက်ဆိုင်ရာသတ်မှတ် နေရာများ၌ တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment