မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မြေပြိုကျမှုကြောင့် ပျက်စီးသွားသောလမ်းပိုင်းအား ယာယီဘေလီတား တစ်လအတွင်း တည်ဆောက်သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မြေပြိုကျမှုကြောင့် ပျက်စီးသွားသောလမ်းပိုင်းအား ယာယီဘေလီတား တစ်လအတွင်း တည်ဆောက်သွားမည်




MNP ၊ သြဂုတ် ၁၀

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သြဂုတ်လ ၇ ရက်နေ့က မြဝတီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့် (၁၅၀) အကြားနေရာတွင် ကားလမ်းအောက်ခံ မြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်း ကားလမ်း အရှည် ၁၅၀ ပေခန့်သည် ပဲ့ကျပျက်စီးခဲ့ရာ ယာဉ်သွားလာမှုယာယီရပ်ဆိုင်းထားရပြီး အဆိုပါလမ်းပိုင်းအား ယာယီဘေလီတံတားထိုးရန် ဆောင်ရွက်လျက်ရှိကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ညို က ပြောသည်။


ဆောင်ရွက်သွားမည့်အစီအစဉ်နှင့် ပတ်သက်၍  ညွှန်ကြားရေးမှူး ဦးအောင်ညို က "အာရှလမ်းမကြီးမြေပြိုမှုနဲ့ပတ်သက်ပြီး သြဂုတ်လ ၉ရက်နေ့က  ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေ လိုအပ်တဲ့ပြင်ဆင်မှုတွေပြုလုပ်နိုင်ရန် ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ ပြီးတော့ အာရှလမ်းမြေသားပြိုကျတဲ့နေရာမှာ  ယာယီဘေလီတံတားထိုးဖို့ ညွှန်ကြားထားပါတယ်။ ဘေလီတံတားထိုးတဲ့အခါမှာ လမ်းပန်းပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် လမ်းပြတ်ကျတဲ့နေရာရဲ့ တစ်ဖက်တစ်ချက်စီမှာ (၃၀၀) ပေ ချဉ်းကပ်လမ်းသစ်ကို တောင်ဖြတ်ဖောက်လုပ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရှောင်ကွင်းလမ်းအနေနဲ့ ချဉ်းကပ်လမ်း(၃၀၀+၃၀၀) ၆၀၀ ပေနဲ့ လမ်းပြတ်ကျပျက်စီး နေရာ (၂၀၀)ပေ၊ စုစုပေါင်း အရှည် (၈၀၀)ပေခန့် ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြေသားသိပ်သည်းကျစ်လျစ်အမာခံရရှိအောင် ဆောင်ရွက်ပြီး လမ်းပြတ်ကျပျက်စီး (၂၀၀) ပေခန့်ရဲ့ လမ်းအတွင်းဘက်ခြမ်း တောင်ခြေနဲ့ တည့်တည့်ကပ်လျက်နေရာမှာ ဝန်ပါကားများပါ ဖြတ်သန်းနိုင်ရေးအတွက် လမ်းမြေသားပေါ်၌ ဘေလီတံတား အရှည် (၂၀၀) ပေခန့် ထိုးပေးရမှာပါ။" ဟု ပြောကြားထားသည်။


ယာယီဘေလီတံတားထိုးရန် ခန့်မှန်းကြာမြင့်ချိန်နှင့်ပတ်သက်၍ လုပ်အားလုပ်နိုင်တဲ့အပေါ်နဲ့ ရာသီဥတုအပေါ်မှာ မူတည်ပါကြောင်း၊ အဓိက ရာသီဥတုလည်းသာယာမယ်၊ လုပ်အားလည်း အချိန်ပြည့်လုပ်နိုင်မယ်ဆိုရင် အလွန်ဆုံးတစ်လပဲ။ တစ်လတည်းနဲ့အပြီးဆောင်ရွက်လို့ရကြောင်း၊ သြဂုတ် ၁၀ ရက်နေ့ကစပြီး တံတားတည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေစပြီး ပို့ဆောင်ဖို့ ဆောင်ရွက်နေကြောင်း၊ ပို့ဆောင်ပြီးတာနဲ့ လိုအပ်တဲ့ ယာဉ်ယန္တရားတွေနဲ့ လုပ်ငန်းစတင်ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားထားသည်။


ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ညို က "ကုန်တင်ယာဉ်ကြီးတွေတော့ သွားလို့မရသေးပါဘူး။ လူစီးယာဉ်တွေနဲ့ တချို့ပစ္စည်းသယ်ယာဉ်ငယ်လေးတွေကိုတော့ ယခင်ကအသုံးပြုခဲ့တဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်တဲ့ ထို့ကော်လမ်းပိုင်းကနေ နေ့စဉ်သွားလို့ရအောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ပင်မလမ်းမကြီးပျက်စီးမှုကိုတော့ ပွင့်လင်းရာသီအချိန်မှာ တံတားဦးစီးဌာနမှဖြစ်ပေါ်လာနိုင်တဲ့ ရေအားပမာဏကိုတွက်ချက်ပြီး ရေထွက်ပြွန် (Culvert) သို့မဟုတ် တံတား(Bridge) တည်ဆောက်သွားမှာဖြစ်ပါတယ်။" ဟု ပြောကြားသည်။


မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းထဲတွင် ပါဝင်နေပြီး ကုန်တင်ယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းဖြစ်သည့်အပြင် မြဝတီမြို့နှင့် ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းတစ်ခု‌ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှစားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့်အခြားပစ္စည်းများ တင်သွင်းနေသော လမ်းပိုင်းဖြစ်ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)