MNP ၊ ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ တာဝတိံသာစေတီတော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအား နည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ (၂၉) ရက်နေ့ နံနက် (၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ (၆၀) ခန့် ပြိုကျပျက်စီးခဲ့ရာ ယခုနှစ် ဩဂုတ် (၁) ရက်နေ့မှ စတင်၍ ပျက်စီးပြိုကျခဲ့သော စောင်းတန်းအစိတ်အပိုင်းများအား ဖယ်ရှားခြင်း၊ ကျန်ရှိနေသော စောင်းတန်းအစိတ်အပိုင်းများအား ဖျက်သိမ်းခြင်း လပ်ငန်းများအား စေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် (၉) နာရီ အချိန်တွင် စေတီတော်အဟောင်းအား ဖျက်သိမ်းရှင်းလင်းခြင်း ဆောင်ရွက်နိုင်ရန် မူလက တင်လှူပူဇော်ထားသော စေတီတော်ဟောင်းမှ ထီးတော်အားပြန်လည် ပင့်ဆောင်ခဲ့ကြသည်။
ထီးတော်ဟောင်း ပြန်လည်ပင့်ဆောင်ရာသို့ စေတီတော်ပြန်လည်တည်ဆောက်ရေး၏ ဩဝါဒစရိယဆရာတော်ကြီးများ၊ အကျိုးတော်ဆောင်ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် စေတီတော်တည်ဆောက်ရေး ကော်မတီဝင်များ တက်ရောက်ကြပြီး ဩဝါဒစရိယ ပညာဇေယျုံကျောင်းတိုက်ဆရာတော်ထံမှ ကိုးပါးသီလခံယူခြင်း၊ ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းတို့ဆောင်ရွက်ကြသည်။
ဆက်လက်၍ စေတီတော်တည်ဆောက်ရေး ကော်မတီဝင်များနှင့် ရွှေဘုံမြင့်ထီးတော်တင် အဖွဲ့သားများက စေတီတော်ထက်သို့ တက်ရောက်နေရာယူပြီး မူလရွှေထီးတော်မြတ်ကြီးအား ရတနာပန်းတောင်းဖြင့် ပြန်လည်ပင့်ဆောင်ခဲ့ကြသည်။
ထို့နောက် စေတီတော်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဒါယကာ/မများက အစီအစဉ်အတိုင်း ထီးတော်ဟောင်းအား ပင့်ဆောင်ကြပြီး တာဝတိံသာစေတီတော်မြတ်ကြီးအနီးရှိ သဂ်သနဂိုရ်တန်ဆောင်းတော်အတွင်း အပူဇော်ခံ ထားရှိကြောင်း သိရသည်။
စေတီတော်မြတ်ကြီးအား ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် ဆရာတော်၊ သံဃာတော်များ၊ သာသနာ့အနွယ်ဝင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းထည့်ဝင် လှူဒါန်းမှုမှာမှာယခုအချိန်တွင် ကျပ်သိန်းပေါင်း (၂၀၀၀) ခန့် ရရှိခဲ့ပြီ ဖြစ်ကြောင်း တည်ဆောက်ရေးကော်မတီထံမှ သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment