MNP ၊ ဩဂုတ် ၂၉
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦး(ဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြောက်ဦးပြတိုက်အတွင်း ခင်းကျင်းပြသထားသော ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ၊ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် လက်ရာများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေး ဆောင်ရွက်နေမှုတို့ကိုရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာအနီး၌ နေကြာပန်းမွေးမြူရေးကုမ္ပဏီ၏ ရေငန်ပုစွန်နှင့် ကဏန်းပျော့မွေးမြူထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးကြသည်။ ဦးစွာရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ခံက ရေငန်ပုစွန်များ၊ ရေငန်ငါးများနှင့် ကဏန်းပျော့များ မွေးမြူထားရှိမှု၊ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ ကဏန်းပျော့မွေးမြူရေးကန်များ၊ ကဏန်းမွေးဖောင်များ၊ ကဏန်းအစာကျွေးခြင်းနှင့် ကဏန်းပျော့ကောက်ခြင်း၊ ကဏန်းရေချိုဆေးသန့်စင်ခြင်း၊ အေးခဲခြင်း၊ သိုလှောင်ခြင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချရန် ထုပ်ပိုးပြင်ဆင်ခြင်း ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကိုမှာကြားပြီး ဝန်ထမ်းများအား နံနက်စာကျွေးမွေးနေမှု၊ ကဏန်းပျော့မွေးမြူရေးကန်တွင် ကဏန်းပျော့ကောက်ယူနေမှုနှင့် အအေးခန်းအတွင်း ကဏန်းပျော့ များအား ထုပ်ပိုးပြင်ဆင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment