MNP ၊ ဩဂုတ် ၁၉
အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ (၂/၂၀၂၃)အစည်းအဝေးကို ယမန်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းတို့ မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က မြန်မာနိုင်ငံ၏အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကဏ္ဍ တွင် ၂၀၁၁ခုနှစ်မှစ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပြဋ္ဌာန်းပြီးဆောင်ရွက်ခဲ့ရာ ဝင်ငွေနည်းပြည်သူများနှင့် MSME များအတွက် ကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုရရှိစေခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကိုထိရောက်သော အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ဥပဒေ/စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံ တင်ခြင်းဆိုင်ရာဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၃၁) အရ INGO ၊ NGO အဖွဲ့အစည်းများသည် အကျိုးအမြတ်ရယူသော စီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် မရှိသဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက် နေသော INGO ၊ NGO အဖွဲ့အစည်း များအား ကုမ္ပဏီအဖြစ်ပြောင်းလဲ ခြင်းလုပ်ငန်းစဉ်များကို ခွင့်ပြုခဲ့ ကြောင်း။
PGMF (INGO) အဖွဲ့အစည်းသည် သတ်မှတ်ကာလအတွင်းကုမ္ပဏီအဖြစ် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပြီးပြတ်ခြင်းမရှိသဖြင့် လုပ်ငန်းပိတ်သိမ်းရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကြီးကြပ်မှုကော်မတီသို့တင်ပြမှုကို အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိသတ်မှတ်ထားသည့် ချေးငွေအပေါ်ကောက်ခံသော အတိုးနှုန်းနှင့်စုဆောင်းငွေအပေါ် ပေးအပ်သောအတိုးနှုန်းတို့ကို ဝင်ငွေနည်းပြည်သူများ၏ လူမှုစီးပွားရေးဘဝနှင့်လိုက်လျောညီထွေဖြစ်စေရန် အတိုးနှုန်းပြင်ဆင် သတ်မှတ် ရန် သင့်- မသင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားငွေရေး ကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ INGO ၊ NGO အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမှု၊ PGMF (INGO) အဖွဲ့အစည်း၏ လုပ်ငန်းပိတ်သိမ်းမှုနှင့်စပ်လျဉ်း၍ ဆောင် ရွက်ထားရှိမှု၊ အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန် သုံးသပ်တင်ပြထားမှု၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ နယ်မြေတိုးချဲ့မှု၊ မတည်ငွေရင်းထည့်ဝင်မှု၊ အစုရှယ်ယာရှင်ပြောင်းလဲမှု၊ ဒါရိုက်တာဘုတ်အဖွဲ့ပြောင်းလဲမှုအပါအဝင် ကြီးကြပ်မှုကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းမှ အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးတည်ဆောက်မှု သင်တန်းများဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီးသည့် အဖွဲ့အစည်းအနေဖြင့် INGO တစ်ဖွဲ့၊ NGO တစ်ဖွဲ့ ၊ ပြည်ပကုမ္ပဏီ ၅၅ ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ၁၁၅ ဖွဲ့နှင့် အစုစပ်ကုမ္ပဏီ ရှစ်ဖွဲ့၊ စုစုပေါင်းအဖွဲ့ ၁၈၀ ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ ရပ်ကွက်ပေါင်း ၂၃၀၉ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၇၇၂၂ ရွာရှိ အသင်းဝင်ဦးရေပေါင်း ၃ ဒသမ ၆ သန်းအား ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်းသိရသည်။
#MyanmarNationalPost
No comments:
Post a Comment