- ဦးမြင့်ခိုင် ရေးသားသည် -
သက်ရှိထင်ရှား ဘုရားကြီးကြွလာသလိုပဲတဲ့၊ ဒါဆိုရင် ဘုရားရှင်က သူ့ကိုဖူးမြင်ဖို့ ပိုက်ဆံကောက်ခိုင်းပါ့မလား။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ကိုဖြစ်ရမယ်။
ထိုင်းက မြ ဘုရားဘယ်လိုပေးရတာ အန်ကောဝတ်ဘုရားက ဝင်ကြေးဘယ်လောက်ပေးရတာတွေက ဘာသာအသိနည်းလို့ ကောက်နေကြတာ၊ ဘုရားကို စီးပွားရေးနဲ့ယှဉ်ပြီး တွေးကိုမတွေးသင့်တာပါ။
ထေရဝါဒ အထွန်းကားဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ အရာရာဟာ ရှေ့ဆောင်လမ်းပြဖြစ်ရပါမယ်၊ ရိပ်သာတွေမှာ နိုင်ငံခြားသားတွေကို အခမဲ့ကြွေးတယ် အခမဲ့ တရားပြပေးတယ်၊ အဲဒီအတွက် အနောက်တိုင်းသားတွေဟာ မြန်မာပြည်က ပဋိပတ္တိဋ္ဌာနတွေကို အင်မတန်လေးစား တန်ဖိုးထားကြတယ်၊ သူတို့သဒ္ဓါတရားပေါက်သွားလို့ လှူကြတာတွေဟာ မြန်မာပြည်သူတွေတောင် ပြန်ပြီးအတုယူရလောက်တယ်။
ဘယ်နိုင်ငံမှာ ဘယ်ဘုရားအတွက် ဘယ်လောက်ပဲ ဝင်ကြေးကောက်ကောက် မြန်မာပြည်က ဘုရားတွေအတွက်တော့ ဝင်ကြေးကင်းလွတ်ခွင့် ရကို ရသင့်တယ်၊ ရွှေတိဂုံ မဟာမြတ်မုနိ ကျိုက်ထီးရိုးဘုရား တွေက ရ ရှိတဲ့အလှူငွေတွေဟာ ဘယ်နေရာမှာ မှ အသုံးချလို့မရဘူး၊ ဝိနည်းအရ အကျိုးအပြစ်ကြီးတယ်။
နောက်တချက်က မြန်မာပြည်သူတွေကိုယ်တိုင် တနေ့လုပ် တနေ့စားသမားတွေအများကြီးပဲ အဲဒီလို လူတွေက ဘုရားမဖူးရတော့ဘူးလား၊ ဘုရားရှင်ဖူးဖို့ ငွေရှိမှ ဖူးရမှာလား။ အခုသတ်မှတ်ထားတဲ့ ငွေအမောင့် ဟာ ဆင်းရဲသားတွေအတွက် မင်းတို့ဘုရားမဖူးနဲ့လို့ သတ်မှတ်လိုက်သလိုမျိုးပဲ။
ဒီနိုင်ငံ မှာ ဘာသာ သာသနာအတွက် အကြံပေးတွေ နဲ့ တာဝန်ရှိသူတွေဟာ ဉာဏ်ကြီးဖို့လိုတယ်၊ အကြောင်းအကျိုးမြင်နိုင်ဖို့လိုတယ်၊ သာသနာကို တကယ်ချစ်တဲ့စိတ်ရှိဖို့ လိုတယ်။ တခြားအခွန်အတုပ်တွေ များချင်သလောက်များ ဘာမှပြောစရာမရှိဘူး၊ ဘုရားဖူးဖို့ ငွေကြေးသတ်မှတ်လိုက်ပြီဆိုကတည်းက ဘုရားကို သိက္ခာချသလို ဖြစ်နေတယ်၊ ဒါကို တာဝန်ရှိသူတွေ အထူးဂရုစိုက်သင့်တယ်။
နိဗ္ဗာန်အထိ လွတ်မြောက်အောင် လမ်းပြပေးခဲ့တဲ့ မြတ်ဗုဒ္ဓကို ဖူမြင်သူတွေ သဒ္ဓါစိတ်အပြည့်နဲ့ လူတိုင်း ဖူးမြင်နိုင်အောင် ဖန်တီးပေးသင့်တယ်။
သက်ရှိထင်ရှားဘုရားကြီး ကြွလာသလိုမျိုးပဲလို့ ကြွေးကျော်ထားကြပြီး ဝင်ကြေးဘယ်လောက် ဆိုရင်တော့ ဘုရားကို သိက္ခာချတာပဲ။ ဝင်ကြေးက ဘယ်လောက်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် ရလာတဲ့ ငွေဟာ မဖြူစင်ဘူး၊ ဝင်ကြေးမသတ်မှတ်မှတ်ပဲ လာရောက်ဖူးမြှော်သူတွေရဲ့ သဒ္ဓါတရားကြောင့် လှူကြတဲ့ ငွေကသာ ဖြူစင်တယ်။
မယုံရင် ရွှေတိဂုံတို့ မဟာမြတ်မုနိတို့က လူတွေလှူထားတဲ့ ငွေတွေကိုပဲ ကြည့်လေ၊ ဘယ်လောက်တောင်များလဲ ဆိုတာ အားလုံးအသိပါ။ မြန်မာလူမျိုးတွေဟာ သဒ္ဓါတရားမညံ့ပါဘူး၊ လာဖူးတဲ့ လူတိုင်း မလှူတဲ့သူ မရှိသလောက်ပါပဲ။
ငွေကြေးသတ်မှတ်လိုက်ရင်တော့ လူတွေသဒ္ဓါစိတ်ပေါ်မှာ မဟုတ်သလို သဒ္ဓါစိတ်ပေါ်မယ် ဆိုရင်တောင် စီးပွားရေးကြပ်တည်းနေတဲ့ ခုလိုခေတ်မှာ သူတို့ လှူနိုင်မှာမဟုတ်ဘူး။
ဝင်ကြေးကောက်တဲ့ငွေက မဖြူစင်ဘူး ဘုရားအပေါ်သဒ္ဓါတရားတွေ ယုတ်လျော့စေတယ်၊ လူတွေသဒ္ဓါလို့လှူတဲ့ ငွေကြေးက ဖြူစင်တယ်၊ လှူတဲ့သူတွေလည်း အကျိုးကြီးကြီး ရစေတယ်။ ဒီသဘောတရားကို တာဝန်ရှိသူတွေ သဘောပေါက်ဖို့လိုပါတယ်။
ငွေဖြူနဲ့ ငွေမဲ မလဲမိကြပါစေနဲ့။
ဆင်းရဲလို့ ဘုရားမဖူးရဘူး ဆိုတာ မဖြစ်ကြပါစေနဲ့။
စိတ်ညစ်လို့ ဘုရားသွားရင်တောင် ပိုက်ဆံရှိမှ သွားရတာမျိုး မဖြစ်ကြပါစေနဲ့။
ဗုဒ္ဓဘာသာဝင်တွေဟာ မရှိပေမဲ့ လှူနိုင်ကြပါတယ်၊ မြတ်ဗုဒ္ဓကို ကြည်ညိုသဒ္ဓါစိတ်တွေ ထားနိုင်ကြပါတယ်၊ အခုလို ဝင်ကြေးတွေသတ်မှတ်တာဟာ လူတွေရဲ့ သဒ္ဓါတရားတွေကို ယုတ်လျော့စေပါတယ်၊ မြန်မာနိုင်ငံက ကမ္ဘာကို စွဲဆောင်လို့ရတာ ဗုဒ္ဓရဲ့ ဓမ္မ ပဲ ရှိတာမို့ အဲဒီတခုကို မဖျက်စီးကြဖို့ တိုက်တွန်းပါရစေ။
ကမ္ဘာကို ဓမ္မနဲ့ ဆွဲဆောင်ရမှာမို့ ဘုရားတည်ပြီး ဝင်ကြေးကောက်ခံတာတွေဟာ အပြီးအပိုင် ရပ်တန့်သင့်တယ်လို့ သုံးသပ်မိတယ်။ ကျွန်တော်ပြောတာမယုံရင် စမ်းသပ်ကြည့်ကြပါ၊ ဝင်ကြေးပေးပြီးဘုရားဖူးရရင် လူလာနည်းမယ်၊ ဝင်ကြေးမပေးပဲဘုရားဘူးရရင် လူလာများမယ်၊ ဝင်ကြေးပေးရတဲ့ ငွေထက် လူများများလာပြီး သဒ္ဓါတရားနဲ့ လှူတဲ့ငွေဟာ ပိုပြီးများပြားလိမ့်မယ်ဆိုတာ အံ့သြဖွယ်ရာ တွေ့ရပါလိမ့်မယ်။
#MyanmarNationalPost

No comments:
Post a Comment