MNP ၊ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့စဉ် ထိတွေ့ဖြတ်သန်းနေရသည့် လူမှုဝန်းကျင်တွင် ကိုယ်ချင်းစာတရားဖြင့် ယုတ္တိတန်စွာ ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်ဆက်ဆံနိုင်စေရန်နှင့် အများအကျိုး ရပ်ရွာအကျိုးသယ်ပိုးနိုင်စေရန် ရည်ရွယ်၍ " ပရဟိတသမား " ဟူသောခေါင်းစဉ်ဖြင့် ရသဥယျာဉ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူ Moderator ဦးအောင်စည်ဖြိုးနှင့် ဆွေးနွေးသူများအဖြစ် ဂျီဖြူတောင်ကျေးရွာ ဒေသခံများဖြစ်သည့် ဦးမောင်တင်ဝင်း၊ ဦးအောင်ခိုင်၊ ဦးဇော်မင်းတို့က တက်ရောက်ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းတွင် ပရဟိတဆိုတာဘာလဲ၊ ပရဟိတသမားတစ်ယောက်ရဲ့ စိတ်နေသဘောထားတွေကဘာတွေလဲ အစရှိသော အကြောင်းအရာများကို မိမိတို့တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ၊ ဥပမာများဖြင့် ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဖော်ပြပါ ရသဥယျာဉ် ဗဟုသုတစကားဝိုင်းကို ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိလာစေရန် မတူညီသော ခေါင်းစဉ်များဖြင့် လစဉ် ဒုတိယအပတ်လောက်တွင် ကျင်းပပြုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အ ထ က(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။ ဖော်ပြပါ စကားဝိုင်းသို့ Grade-11, Grade-10, Grade-9 ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် စိတ်ပါဝင်စားသူ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်းမောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment