မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ





MNP ၊ ဩဂုတ် ၈

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ချီးမြှင့်ကြသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်ထောင်စုအဆင့်တွင်သာမကလက်ရှိ ဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်တို့တွင်လည်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းပြီးတက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိနိုင်ငံတော်က အကောင်အထည်ဖော် လျက်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ခုအနက်မှ ပန်းတိုင်(၅)ဖြစ်သည့် “ကျား၊ မတန်းတူ ညီမျှမှုကိုရရှိရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အားလုံးကို စွမ်းဆောင်ရည် မြှင့်တင်ရန်” ဆိုသည့် ရည်မှန်းချက်နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံအသိုက်အဝန်း မဏ္ဍိုင်(၃)ခုအောက်ရှိ ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများက အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ASEAN Gender Mainstreaming Stra-tegic Framework - AGMSF (2021-2025)ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း အသင်းက ပါဝင်လျက်ရှိပါကြောင်း။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦး ရေမှာ ၅၅ ဒသမ ၈ သန်းရှိပြီး အမျိုးသားဦးရေ ၂၆ ဒသမ ၇ သန်းနှင့် အမျိုးသမီးဦးရေမှာ ၂၉ ဒသမ ၁ သန်းရှိသောကြောင့် အမျိုးသမီး ဦးရေမှာ အမျိုးသားဦးရေထက် ၂ သန်းကျော် ပိုမိုများပြားလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အမျိုးသမီး စွမ်းအားစုကြီး၏ စွမ်းဆောင်ပါဝင်မှုကို ထိထိရောက်ရောက်ရယူနိုင်ရန် လိုအပ်သကဲ့သို့ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် ပါဝင်သည့် အမျိုးသမီးအဖွဲ့များအားလုံးက စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်း လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် အလှူရှင်များ၏ လှူဒါန်းမှုများကို ဂုဏ်ပြုမှတ်တမ်းတင် ကြေညာသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အသင်းဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အသစ်ပြဋ္ဌာန်းလိုက်သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)