MNP ၊ ဩဂုတ် ၃၀
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အ-ထ-က(၄) ကျောင်းဝင်းအတွင်း၌ ကျောင်းအဆောင်သစ် ဆောက်လုပ်ရန် မြေတူးရာမှ မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ် နှင့် အကျိုးအပဲ့ ရှေးဟောင်းအုတ်ခွက်ဘုရားများကို ဩဂုတ်လ ၃၀ ရက်၊ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်က တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ကျောင်းဝင်းထဲမှာ အဆောင်သစ်ဆောက်ဖို့ မြေတူးရင်း ပေါ်လာတာပါ။ လောလောဆယ်စစ်ပြီးတာတော့ အုတ်ခွက်ဘုရား အကောင်းရော အကျိုးအပဲ့ရော စုစုပေါင်း ၁၈ ဆူ ရပြီ။ မြေကတော့ဆက်ပြီးတူးဖော်နေပါတယ်။ ထပ်ပြီးတွေ့လာနိုင်ပါသေးတယ်။ ဒါကို ရှေးဟောင်းသုတေသနက တာဝန်ရှိသူတွေဆီ အကြောင်းကြားထားပြီးတော့ သူတို့လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်မှာပါ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရှေးဟောင်းအုတ်ခွက် ဘုရားများတွေ့ရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုခဲ့ကြပြီး တွေ့ရှိသည့် အုတ်ခွက်ဘုရား (၁၈)ဆူကို စနစ်တကျထိမ်းသိမ်းရေးအတွက် လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ယခုတူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများမှာ ယခင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ ဇူလိုင်လ ၁၅ ရက်၊ သြဂုတ်လ ၈ ရက်နှင့် စက်တင်ဘာလ ၁၅ ရက်နေ့တို့တွင် စတုဘုမ္မိကမဟာသတိပဌာန် (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း၌ တူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားပေါင်း ၆၅၀ ကျော်၊ အကျိုးအပဲ့ ၉၀ဝ နီးပါးတို့နှင့် လက်ရာတူ ပုံစံတူ အုတ်ခွက်ဘုရားများဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၄၅ နှစ်ကျော်ခန့်ကလည်း ယခုအုတ်ခွက်ဘုရားများ တူးဖော်တွေ့ရှိရာ အ-ထ-က(၄)ကျောင်းအနီးရှိ အ-ထ-က(၂) ကျောင်းဝင်းအတွင်း၌ အုတ်ခွက်ဘုရားပေါင်း ၁၀ဝ၀ ကျော်ကို ပထမအကြိမ်တူးဖေါ်တွေ့ရှိခဲ့ရဖူးကြောင်း၊ ဒုတိယအကြိမ်တွင် ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်း၌ အဆူရေ ၁၀၀၀ ကျော်၊ တတိယအကြိမ်တွင် ငှက်တွင်းကျောင်းတိုက်အနီး မြန်မာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အဆူရေ ၂၄၀ ကျော်၊ စတုတ္ထအကြိမ် အ-ထ-က(၂) ကျောင်းဝင်းအတွင်း၌ အဆူရေ ၂၁၀ ကျော်နှင့် ယခု တူးဖေါ်တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ပဉ္စမအကြိမ် တူးဖေါ်တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment