MNP ၊ ဩဂုတ် ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲသည့် ဇူလိုင်လ စတုတ္ထပတ်မှစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း သုံးသောင်းကျော်ခန့် ရေနစ်မြုပ်မှု ဖြစ်ပွားနေကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်စပ်ခြား ဘီးလင်းမြစ်နှင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စပ်ခြား ဒုံသမိမြစ်ရေတို့ မြင့်တက်လာရာ ဘီးလင်းမြစ်ဝှမ်းဒေသများဖြစ်သည့် ဒုံဝန်း၊ မိုးကောင်း၊ ဓနုကတိုက်၊ ကတိုက်ကလေး၊ တောကြီး စသည့်ကျေးရွာအုပ်စုများနှင့် ဒုံသမိမြစ်အနီး အောင်းစိုင်၊ ဝင်းစိန်၊ ကျောက်တန်း ကျေးရွာအုပ်စုများအပါအဝင် ဆက်စပ်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ဧကများ ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ရေကြီးနစ်မြုပ်ခဲ့ရကြောင်း သိရသည်။
တောင်သူအများစုအနေဖြင့် ယခုနှစ် မိုးစပါးများ စတင်စိုက်ပျိုးထားသည်မှာ တစ်လခန့်သာရှိနေသေးပြီး ယခုမှ စတင်စိုက်ပျိုးသူများလည်း ရှိကြောင်း၊ ရက်အတော်ကြာ ရေကြီးနစ်မြုပ်ခံရသည့် စပါးပင်များ သေကြေပျက်စီး ထိခိုက်နိုင်၍ တောင်သူများ စိုးရိမ်နေကြောင်း ရက်သတ္တတစ်ပတ်ကျော်ကြာ ရေကြီးနစ်မြုပ်ဆဲဖြစ်သည့် အနိမ့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များအဖို့ သေကြေပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပြီး အချို့အမြင့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များမှာလည်း အထိုက်အလျောက် ပျက်စီးထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း ဒုံဝန်းကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ဧက စုစုပေါင်း တစ်သိန်းသုံးသောင်းကျော်ခန့် စိုက်ပျိုးရန် လျာထားပြီး ဇူလိုင်လ ၃၁ ရက်နေ့မှစတင်ကာ အနိမ့်ပိုင်းလယ်ကွင်းအချို့မှ စပါးစိုက်ခင်းများ ရေနစ်မြုပ်ခဲ့ကြောင်း ဩဂုတ်လ ၈ ရက်နေ့အထိ ၄၁၀၂၅ ဧက နစ်မြုပ်ခဲ့ပြီး ဧကပေါင်း ၉၂၀၀ ပြန်လည်ပေါ်လာခဲ့ရာ ၃၁၈၂၅ ဧကမှာ နစ်မြုပ်နေဆဲဖြစ်ကြောင်း ရေကြီးနစ်မြုပ်ပြီး ပျက်စီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီး ရေများ ပြန်လည်ကျဆင်းသွားပါက
သေကြေပျက်စီးခဲ့သည့် နေရာများ၌ နောက်ထပ် မိုးစပါးများအား အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး စီစဥ်ထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment