မြန်မာနိုင်ငံအနေဖြင့် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဧရိယာတစ်ခုချင်းစီ၏ ရည်မှန်းချက်များ ပြည့်မီစေရေး အလေးထား ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဧရိယာတစ်ခုချင်းစီ၏ ရည်မှန်းချက်များ ပြည့်မီစေရေး အလေးထား ဆောင်ရွက်


MNP ၊ ဩဂုတ် ၂၄

(၄၁) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (41st ASEAN Ministers on Energy Meeting (AMEM) and Associated Meetings)၏ အကြို ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက် တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည်။

အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်ဓာတ်သတ္တုဝန်ကြီးဌာနက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဦးဆောင်ကျင်းပပြီး အာဆီယံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ အောက်မှ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံရေး၊ သန့်စင်သောစွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ သုံးစွဲနိုင်ရေး၊ စွမ်းအင်ပြောင်းလဲသုံးစွဲမှုဆိုင်ရာ နည်းပညာများ တိုးတက်ဖွံ့ဖြိုးရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာနည်းပညာများနှင့် အခြေခံ အဆောက်အဦများ၊ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြသုံး နျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံနိုင်ငံများအကြား၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများအကြား၊ အာဆီယံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး အစီအမံများကို ဆွေးနွေးကြသည်။

ထို့ပြင် အစည်းအဝေး၌ မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိ၊ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင် ရွက်မှု ဧရိယာတစ်ခုချင်းစီ၏ ရည်မှန်းချက်များ ပြည့်မီစေရေး အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆိုလာ၊ လေအားနှင့် အခြားပြန်ပြည့်မြဲ အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်နေကြောင်း၊ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့် ကျေးလက်ဒေသများတွင် အသေးစား ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ ဆိုလာ စသည့် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့အတွက်လည်း မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ၊ နိုင်ငံတကာစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးမှ ဆွေးနွေးညှိနှိုင်းရရှိချက်များကို (၄၁)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

(၄၁) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိ (Senior Official on Energy – SOE Leader)၊ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ စွမ်းအင်ဗဟိုဌာနနှင့် နိုင်ငံတကာစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)