MNP ၊ ဩဂုတ် ၂၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ မန္တလေးနည်းပညာ တက္ကသိုလ်(MTU)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် (KUST)တို့အကြား ပူးပေါင်းဆောင်ရွက်ရန် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အလားအလာနှင့် အခွင့်အလမ်းများ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Director ဖြစ်သူ Mr. Zhang Zhonghua နှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့က အမှာစကားပြောကြားသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Director ဖြစ်သူ Mr. Zhang Zhonghua ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် နည်းပညာတက္ကသိုလ်များမှ ဆရာဆရာမများ တက်ရောက်ကြသည်။
အဆိုပါ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မန္တလေးနည်းပညာ တက္ကသိုလ်အနေဖြင့် “မဲခေါင် - လန်ချန်းဒေသ အတွင်း တက္ကသိုလ်များအကြား သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်း” စီမံကိန်းအား မန္တလေးနည်းပညာတက္ကသိုလ်(MTU)နှင့် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် (KUST) တို့အကြား သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ မဲခေါင်အသိုက်အဝန်းအတွင်း တစ်သက်တာ သင်ယူလေ့လာမှု အားကောင်းစေရေး၊ သုတေသနနှင့် ကုန်ထုတ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဦးဆောင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများအကြား မိတ်ဖက်ဖြစ်မှုနှင့် ဆက်သွယ်မှုကွန်ယက်တို့ တည်ထောင်ထားရန်၊ နှစ်နိုင်ငံသိပ္ပံနှင့်နည်းပညာဆိုင်ရာ သင်ကြားသင်ယူမှု အတွေ့အကြုံများပံ့ပိုးပေးရန်၊ ပူးပေါင်းသုတေသန ဆောင်ရွက်မှုများအား ဖွင့်လှစ်ပေးရန်နှင့် ကျောင်းသား ကျောင်းသူများ၏ ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာများအပေါ် စိတ်ပါဝင်စားမှုများကို မြှင့်တင်ပေးရန်စသော အချက်များအား အကောင်အထည်ဖော်ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးနိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment