ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေး (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေး (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်





MNP ၊  ဩဂုတ်  ၂၅

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ညှိနှိုင်းအစည်းအဝေးတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်းနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းနှင့် ပတ်သက်သည့်ကိစ္စရပ်များအား မှတ်တမ်း၊ မှတ်ရာများ စနစ်တကျရှိစေရေး၊ မှတ်တမ်းပြုစုရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ(၄)ခုကို ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း၊ မှတ်တမ်းပြုစုရေး ကော်မတီဝင်များအနေဖြင့် မုန်တိုင်းဝင်ရောက်ရန် သတင်းရရှိသည်မှစ၍ ပြည်နယ်အစိုးရအဖွဲ့အပါအဝင်၊ ခရိုင်၊ မြို့နယ်များမှာ အစည်းအဝေးခေါ်ယူကျင်းပခဲ့မှုများ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများ၊ ဒေသခံပြည်သူများကို ရွှေ့ပြောင်းခဲ့မှုအခြေအနေများ၊ ရိက္ခာများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိမှုအခြေအနေများနှင့် မုန်တိုင်းကျရောက်နေစဉ် ဆောင်ရွက်ခဲ့မှု အခြေအနေများကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပြုစုပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲများ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာမှုများ၊ လမ်းညွှန်မှာကြားခဲ့မှုများကိုလည်းထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကဏ္ဍအလိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို စာရင်းကောက်ယူပြုစုပြီး ဆုံးရှုံးမှုပမာဏတန်ဖိုးများကိုလည်း ဖော်ပြပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန်ကာလဆောင်ရွက်မှု အခြေအနေများကို မှတ်တမ်းဓာတ်ပုံများနှင့်အတူ ပြုစုကြရမည်ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးမှု အခြေအနေများနှင့် ပြည်နယ်မှကော်မတီ(၆)ခု ဖွဲ့စည်းပြီး ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို လက်ခံထိန်းသိမ်းဖြန့်ဖြူးမှုအခြေအနေများကိုပါ ထည့်သွင်းဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ဘေးသင့်ပြည်သူများသို့ နိုင်ငံတော်မှထောက်ပံ့ လှူဒါန်းမှုများ နိုင်ငံတစ်ဝန်းရှိ အလှူရှင်များမှ လှူဒါန်းထားရှိမှုအခြေအနေများကိုလည်း မှတ်တမ်းတင် ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ မုန်တိုင်းသင့်ပြည်သူများအား ပြန်လည်နေရာချထားမှုများ၊ ထောက်ပံ့မှုများ၊ ပြည်သူ့အကျိုးဆောင်ရွက်ပေးမှုများကို အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာအသီးသီးနှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအသီးသီးတို့၏ သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့မှုမှတ်တမ်းများကို နောင်လာနောင်သားများ ကိုးကားနိုင်အောင် ပြည့်စုံမှန်ကန်သည့် မှတ်တမ်းတစ်ရပ်အဖြစ်ပြုစုနိုင်ရေး ကော်မတီ ဝင်အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မှတ်တမ်းပြုစုရေးဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက မိမိတို့ကော်မတီအလိုက် မှတ်တမ်းများပြုစုဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရာတွင် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များ ပြည့်ပြည့်စုံစုံပါဝင်နိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ်လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)