ဂျာမဏီမှ အီဂျစ်သို့ ထွက်ခွါလာစဉ် မီးလောင်ခဲ့သော ကားတင်သင်္ဘောပေါ်ရှိ အီးဗီများ မထိခိုက်ခဲ့ဟု ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျာမဏီမှ အီဂျစ်သို့ ထွက်ခွါလာစဉ် မီးလောင်ခဲ့သော ကားတင်သင်္ဘောပေါ်ရှိ အီးဗီများ မထိခိုက်ခဲ့ဟု ပြောကြား







MNP ၊ သြဂုတ် ၂၄

ဒတ်ခ်ျကမ်းလွန်မှ (ဇူလိုင် ၂၅)ရက်နေ့က ယာဉ်အစီးရေ ၃၀၀၀ နီးပါးရှိသော ကားတင်သင်္ဘော Fremantle Highway မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသားတစ်ဦး သေဆုံးပြီး သင်္ဘောသားအချို့ ဒဏ်ရာရရှိခဲ့သည်။ အလျား ၁၉၉ မီတာ(၆၅၅ ပေ) ရှိ ပနားမား မှတ်ပုံတင် ကားတင်သင်္ဘော Fremantle Highway သည် ဂျာမနီမှ အီဂျစ်သို့ သွားသည့် ခရီးစဉ်တွင်  မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

နယ်သာလန်နိုင်ငံရှိ အိန္ဒိယသံရုံးက ဆိုရှယ်မီဒီယာတွင် "မီးလောင်မှုဖြစ်ပွားခဲ့ရာ အိန္ဒိယသင်္ဘောသားတစ်ဦး သေဆုံးပြီး သင်္ဘောသားများ ဒဏ်ရာရရှိသွားသည်” ဟု ရေးသားဖော်ပြခဲ့သည်။ ကွယ်လွန်သူ မိသားစုနှင့် အဆက်အသွယ်မပြတ် ရှိနေကြောင်းလည်း ရေးသားထားသည်။ Fremantle Highway ကို ပိုင်ဆိုင်သည့် ဂျပန်မှ Shoei Kisen က သင်္ဘောသား အားလုံး အိန္ဒိယနိုင်ငံသားများ ဖြစ်သည်ဟု ပြောကြားသည်။

ကယ်ဆယ်ရေး သင်္ဘောများက မီးလောင်နေသော သင်္ဘောပေါ်သို့ အပူချိန် ကျဆင်းအောင် ရေများ ဖျန်းပေးနေသော်လည်း ရေများလွန်းပါက သင်္ဘော နစ်မြှုပ်သွားနိုင်သည်ဟု ဒတ်ခ်ျကမ်းခြေစောင့်တပ်က ပြောကြားသည်။  သင်္ဘောကို ကယ်ဆယ်ရေး တွန်း/ဆွဲရေယာဉ် Hunter နှင့်  ကြိုးများ ဆိုင်းပြီး မမျောအောင် ထိန်းပေးထားသည်။

အီဂျစ်သို့ သွားမည့် ကားတင်သင်္ဘော Fremantle Highway သည် ဇူလိုင်လ ၂၅ ရက်တွင် ခရီးအစ နယ်သာလန် ကမ်းခြေတွင် မီးကြီးလောင်ခဲ့သည်။

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကနဦး တွေ့ရှိချက်များအရ သင်္ဘော၏ အောက်ပိုင်း အထပ်များတွင် တင်ဆောင်လာသည့် ကားများ ထိခိုက်ပျက်စီးခြင်း မရှိကြောင်း၊ ကားသင်္ဘောပေါ်မှ  လျှပ်စစ်ကား အစီးရေ ၅၀၀ ခန့်မှာ အခြေအနေ ကောင်းမွန်ကြောင်း Automotive Logistics က သတင်းဖော်ပြသည်။

သင်္ဘောကို မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် Boskalis Salvage Company ၏ စီအီးအို Peter Berdowski က သတင်းစာ ရှင်းလင်းပွဲတွင် မပျက်မစီး အကောင်းပကတိအတိုင်း ရှိနေဆဲ ဖြစ်သည့် ကား အစီးရေ ၁,၀၀၀ ဝန်းကျင် ရှိပြီး ယင်းတို့အထဲတွင် အီးဗီ အစီး ၅၀၀ ခန့် ပါဝင်ကြောင်း ပြောကြားသည်။

ကားတင်သင်္ဘောတွင် အထပ် ၁၂ ထပ် ရှိသည့်အနက် အောက်ဘက်မှ ၄ ထပ်သည် မီးဘေးသင့်ခြင်း မရှိကြောင်း၊ ၎င်းအထပ်များတွင် ဘက်ထရီပါဝါသုံး လျှပ်စစ်ကားများ တင်ဆောင်ထားကြောင်း ၎င်းက ပြောကြားသည်။

အပေါ်ဘက် ၄ ထပ်မှာ မီးလောင်ကျွမ်းခဲ့ရာ အပူချိန် အလွန်မြင့်မားသဖြင့် ကားများနှင့် သင်္ဘောတို့ ဂဟေဆက်ထားသည့်နှယ် ဖြစ်နေကြောင်း Berdowski က ပြောကြားသည်။

သင်္ဘောပေါ်တွင် ယာဉ်စီးရေ ၃,၇၀၀ ကျော် တင်ဆောင်လာခြင်းဖြစ်ပြီး Volkswagen, BMW,  Mercedes-Benz ကားမော်ဒယ်များ ပါဝင်သည်။ ဂျာမနီမှ အီဂျစ်သို့ ပေးပို့သည့် ကားများ ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)