ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Chery Holding Group Co.,Ltd နှင့် Rich Resource International Investment Co.,Ltd တို့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Chery Holding Group Co.,Ltd နှင့် Rich Resource International Investment Co.,Ltd တို့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေဆုံ



MNP ၊ ဩဂုတ် ၁၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Holding Group Co.,Ltd Deputy CEO နှင့် Rich Resource International Investment Co.,Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေး၊ ဗီဇာ ဖြေလျှော့ပေးရေး၊ တရုတ်ခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှုလွယ်ကူချောမွေ့စေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံခရီးသွားကုမ္ပဏီများပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ နယ်ရုံးခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ ဟိုတယ်များမှတာဝန်ရှိသူများနှင့် အဆိုပါဝန်ကြီး ဌာန၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများ ပြည်ပသို့အဖွဲ့လိုက်ခရီးသွား ခွင့်ပြုသည့်နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံပါရှိသည့်အတွက် ဝင်ရောက်လာမည့် တရုတ်ခရီးသွားဧည့်သည်များ အဆင်ပြေစွာလာရောက်လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲ့မှုဆိုင်ရာကိစ္စရပ်များကို အဆင်သင့်ဖြစ်နေစေရေး ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ ဝင်ရောက်လာသော ခရီးသွား ဧည့်သည်များ ငွေကြေးသုံးစွဲမှု၊ လွယ်ကူချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့် မျှော်မှန်းခရီးသွားဈေးကွက်နိုင်ငံများက ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် ဗီဇာဖြေလျှော့ပေးရေး၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များစီစဉ်ရေး၊ ခရီးသွားမြှင့်တင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားဖိုရမ်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)