စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်


MNP ၊ ဩဂုတ် ၂၀

စပါးခွံလောင်စာသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစက် (Gasifier) နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ နာယကနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဓာတုအင်ဂျင်နီယာ အထူးပြု ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ၊ လျှပ်စစ်အင်ဂျင်နီယာ လုပ်ငန်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်တွင် သွင်းကုန်အစားထိုးရန် နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့်အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင်အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟု သတ်မှတ် ပြဋ္ဌာန်းထားကြောင်း၊ ထုတ်လုပ်မှုကို မြှင့်တင်ရာတွင် အဓိက သွင်းအားစုကြီးဖြစ်သည့် လျှပ်စစ်စွမ်းအင်သည် အလွန်အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှသာ စဉ်ဆက်မပြတ် လည်ပတ်ထုတ် လုပ်နိုင်မည်ဖြစ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မိမိတို့နိုင်ငံတွင် ပေါများစွာ ရရှိသော စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းဖြစ်သည့် စပါးခွံကိုသုံး၍ တစ်ပိုင်တစ်နိုင် လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် စပါးအထွက်များသည့် ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို အားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

ထို့ပြင် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ စဉ်ဆက်မပြတ်လည်ပတ်နိုင်ခြင်း၊   လောင်စာ အတွက် ကုန်ကျစရိတ် မရှိခြင်း၊ ထုတ်လုပ်မှုစရိတ် သက်သာခြင်း၊ ဘေးထွက်ပစ္စည်းများကို စိုက်ပျိုး ရေးတွင် ပြန်လည်အသုံးပြုနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနည်းခြင်း၊ Green House gas emission လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိခဲ့ကြောင်း၊ ပြည်တွင်း၌ အသုံးပြုနေသည့် Gasifier အနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာများ ရရှိရေး စက်မှုပညာရှင်၊ ဓာတုဗေဒ ပညာရှင်နှင့် လျှပ်စစ်ပညာရှင်များ ပေါင်းစပ်ဆောင်ရွက်ပြီး ဖြည့်ဆည်းပေးရန်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီ ဒုတိယဥက္ကဋ္ဌက Myanmar Gasifier Working Group ဖွဲ့စည်းမည့် အစီအမံများ ကို လည်းကောင်း၊ ဓာတုအင်ဂျင် နီယာလုပ်ငန်းအဖွဲ့ဝင်က Gasifier အသုံးပြုသည့် စက်ရုံ/အလုပ်ရုံများအတွက် နည်းပညာဆိုင်ရာ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ ကို လည်းကောင်း ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေလင်ပန်းစက်မှုဇုန် ရှိ ဧရာဝတီဆီစက်နှင့် ရွှေပြည်သာစက်မှုဇုန်ရှိ ပတ္တမြားဆီစက်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်မှု၊ ကုန်ကြမ်းရရှိမှုနှင့် ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံများ ကြိတ်ခွဲရာတွင် လိုက်နာဆောင် ရွက်ရမည့်အချက်များ၊ လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန် နှင့်စပ်လျဉ်း၍ ပြောကြားပြီး ဆီထွက်သီးနှံများ ကြိတ်ခွဲနေသည့်  လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  


#MyanmarNationPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)