MNP ၊ ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ကျင်းပသော ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မအားကစား ဘောလုံးကွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင် အား/ကာမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်မှ သင်တန်းသား၊သင်တန်းသူများနှင့် အားကစား ဝါသနာရှင်ပြည်သူများမှ တခဲနက် လာရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအား စတင်ကျင်းပရာ မာန်အောင်မြို့နယ် အသင်းနှင့် ရမ်းဗြဲမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး ရမ်းဗြဲမြို့နယ်အသင်းက မာန်အောင် မြို့နယ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့နောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အား ဆက်လက်ကျင်းပရာ မာန်အောင်မြို့နယ်အသင်းနှင့် အမ်းမြို့နယ်အသင်းတို့ ဗိုလ်လုပွဲဖြစ်သည်နှင့် အညီ တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး မာန်အောင်မြို့နယ်အသင်းက အမ်း မြို့နယ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
၎င်းနောက် ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အသင်းအုပ်ချုပ်သူ နည်းပြများနှင့် ပြိုင်ပွဲဝင်ကစားသမားများမှ ကွင်းအတွင်းနေရာယူကြပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား/ အမျိုးသမီး ဆုရရှိကြသည့် ကစားသမားများကို ခရိုင်ဆရာဝန်ကြီး ဦးရဲလင်းမောင်နှင့် ခရိုင်အား/ကာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေတို့မှလည်းကောင်း၊ ဒုတိယဆုရရှိကြသည့် အမ်းမြို့နယ် အမျိုးသားအသင်းနှင့် မာန်အောင်မြို့နယ်အမျိုးသမီးအသင်းတို့အား လည်ဆွဲနှင့်ဂုဏ်ပြုဆုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတင်ရွှေနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ယမင်းဦး တို့မှလည်းကောင်း၊ ပထမဆုရရှိသည့် မာန်အောင်မြို့နယ်အမျိုးသားအသင်းနှင့် ရမ်းဗြဲမြို့နယ် အမျိုးသမီး အသင်းတို့အား လည်ဆွဲနှင့်ဂုဏ်ပြုဆုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေး တို့မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ အမျိုးသား(၄)သင်း၊ အမျိုးသမီး(၄)သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကာလမှာ ဩဂုတ်လ (၂၁) ရက် နေ့မှ (၂၉)ရက်နေ့အထိ (၉)ရက် ကြာမြင့်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment